လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ဓမ္မာစာစု. Show all posts
Showing posts with label ဓမ္မာစာစု. Show all posts

Saturday, December 1, 2012

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ

ကျနော် အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆိုတယ်.ဗုဒ္ဓဘာသာအမည်ခံ
တွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထား
သင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော
ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်….. ၄င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s
Teaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်
အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာ
ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….
ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်
လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်
ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်
တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို
သေချာ နားလည်သဘောပေါက် လောက်ပါပြီ… ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်း
နှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံဆိုသည်မှာ
အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်… လောကုတ္တရာ သရဏ
ဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်
အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်. လောကီသရဏဂုံ
တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုးစီးပွားအတွက် သော်လည်းကောင်း
ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ
သရဏဂုံတည်သူများဟုခေါ်ပါသည်…ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း
မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း
ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက
ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်း
စား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……
အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်
ဆိုခဲ့ပါသည်……
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကိုယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်
သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိ
အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း
ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်
လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်
ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်
ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကို
မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ
သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များ
သာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ရှိကြသည်
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီလိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူး
ထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစား
ဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။
အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။
ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညို
သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်
မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ
မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေ
ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်
များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ပဲစစ်
မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေ
ဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်
လောက်ပါပြီ ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော
အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်
လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်းစား
ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……
ဆရာဝင်းသိန်းဥိးရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားပါသည်

Tuesday, August 28, 2012

မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ သိသင့်သိထိုက်သော အချက်အလက် ”

၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။

(၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများ ဖြစ်သည် ။

(၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။

(၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏          

  (၁) မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏ တနေ့သ၌ ပေဿနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတ၀န် ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာဘုရားသခင်သည် ၀ါပအခါတွင် ဒေသစာရီကြွချီတော် မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့် မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်ကို ဆီ မီး ပန်း နံ့သာတို့ဖြင့် ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည် ။ မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတ၀န် ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိတော်မူပြီဟု မင်းကြီးကြားသိလျှင် မှူး မတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး “ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား အရှင်ဘုရားသည် ကျောင်းတော်၌ သီတင်းသုံးရှိနေပါသော် တပည့်တော်တို့သည် တရားတော်ကိုလည်း နာယူရပါ၏ သီလတော်ကိုလည်း ဆောက်တည်ကြရပါ၏ ။ ကျောင်းတော်၌ အရှင်ဘုရားမရှိခဲ့သော် တပည့်တော်တို့သည် အလှူလည်းမပြုရ တရားတော်လည်း မနာကြားရ ၊ သီတင်းသီလလည်း မဆောက်တည်ရ ဖြစ်ခဲ့ရပါ၏ ။ အရှင်ဘုရားကိုယ်စား ရုပ်ပွားတော်ကို ထုလုပ်ပူဇော်လိုပါသည် ခွင့်ပြုတော်မူပါလော့”ဟု လျှောက်ထားတောင်းပန်လေသည် ။ ထိုအခါ ဗုဒ္ဓမြတ်စွာလည်း သာဓုသုံးကြိမ် သုံးခါခေါ်ဆိုပြီးနောက် မင်းကြီး၏ လျှောက်ထားတောင်းပန်ချက်ကို ခွင့်ပြုတော်မူခဲ့ပေ၏ ထိုအချိန်မှစ၍ ဆင်းတု ရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာခဲ့ပေတော့သည် ။     

   (၂)  မြတ်စွာဘုရားသခင်သည် ကောသလမင်းအား မိမိ၏ကိုယ်စားတော် ရုပ်ပွားဆင်းတု တော်များ ထုလုပ်သွန်းလောင်းလုပ်ရန် အရာဝတ္ထုများကိုပါထုတ်ဖေါ်မြွက်ကြားတော်မူခဲ့ပေ၏ ။ “  မင်းကြီး သဒ္ဓါ ပညာ ၀ီရိယနှင့်ပြည့်စုံသော မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ် ဆင်းရဲသားတို့သည် မိမိတို့၏ တတ်စွမ်းနိုင်သည့်အားလျော်စွာ ရွှေဖြင့်လည်းကောင်း ၊ ငွေဖြင့်လည်းကောင်း ၊ ပတ္တမြားဖြင့်လည်းကောင်း ၊  ကြေးဖြင့်လည်းကောင်း ၊ သံဖြင့်လည်းကောင်း ၊ ခဲဖြင့်လည်းကောင်း ၊ ကြေးနီဖြင့်လည်းကောင်း ၊ သစ်ဖြင့် လည်းကောင်း ၊ အုတ်ဖြင့်လည်းကောင်း ၊ ကျောက်ဖြင့်လည်းကောင်း ၊ အဆင်းရှိသောဆေးဖြင့်လည်း ကောင်း ၊ ကျောက်မျက်ရွဲတို့ဖြင့်လည်းကောင်း သွန်းလောာင်းအပ် ထုလုပ်အပ်၊ ရေးသော်လည်း ရေးအပ် ပေ၏ ”ဟု မိန့်ကြားတော်ခဲ့၏        

     (၃) ထုလုပ်အပ် သွန်းလောင်းအပ်သည့် ရုပ်ပွားတော် ပုံသဏ္ဌာန်များ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ရန် မြတ်စွာဘုရားသည် ကောသလမင်းအား မိန့်ကြားရာတွင် “ ငါဘုရားသည် ဗောဓိပင်နှင့်ပုလ္လင်တော်၌ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူဟန်ကိုလည်းကောင်း ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာဟောတော်မူဟန်ကိုလည်းကောင်း ၊ကပ္ပိန္နမင်းကြီးကို ရုပ်တုဖန်ဆင်း၍ ပြတော်မူဟန်ကိုလည်းကောင်း ၊ ရတနာစင်္ကြံ၌ စင်္ကြသွားတော်မူဟန်ကိုလည်းကောင်း ၊ အနိမ္မိဿကုန်း၌ မမှိတ်သော မျက်စိဖြင့် ကြည့်တော်မူဟန်ကိုလည်းကောင်း ၊အာဋ္ဌာရနှင့် ဥဒကရသေ့ကြီးတို့ ရှုံးခြင်းကြီး ရှု လေစွတကားဟုရင်လက်ခတ်တီး၍ အံ့သြတော်မူဟန်ကိုလည်းကောင်း၊ အရှင်အာနန္ဒာအား လက်သား တော်ဖြင့် မြေမှုန့်ပြတော်မူဟန်ကိုလည်းကောင်း ၊ လျောင်းစက်ကျိန်းတော်မူဟန်ကိုလည်းကောင်း၊ ပရိနိဗ္ဗာန် ပြုတော်မူဟန်ကိုလည်းကောင်း ၊ ထုလုပ်ရာ သွန်းလောင်းရာ ရေးစွဲရာ၏ ”ဟု မိန့်မြွက်တော်မူခဲ့လေသည် ။        

    (၄) ဆင်းတုရုပ်ပွားတော်များ ထုလုပ်ရာတွင် သတိပြု ဂရုထားရမည့် အချက်များ ဆင်းတု ရုပ်ပွားတော်များ ထုလုပ် သွန်းလောင်းလုပ်ရာ၌ ပါသာဒိကဂုဏ်တော်နှင့်ပြည့်စုံအောင် ကြည်ညို ဖွယ် အသရေတော်ဆောင်နေသည့် ပုံတော်မျိုးကို ထုလုပ် သွန်းလောင်း ရေးစွဲရမည်ဖြစ်၏ ။ တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသည့်အသွင်ကို ဆောင်အောင် ထုလုပ် သွန်းလောင်း ရေးစွဲရမည် ။ လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခြယ်သထားသော အမျိုးသ္မီးများတို့၏ မျက်နှာသွင်ပြင်မျိုးကဲ့သို့ မထုလုပ် မသွန်းလောင်း မရေးခြယ်အပ်ပေ ။ ကြည်ညိုဖွယ် ကင်းမဲ့သော လက်တဖက်ကို ဆန့်တန်းထားခြင်း ၊ လည်ကုပ်တိုနှင့်ဝမ်းဗိုက်ပူ(အချို့ဒက္ခိဏသာခါဘုးရား) ထုလုပ် သွန်းလောင်း ရေးစွဲထားခြင်း၊ မျက်နှာပေါက်ဆိုးစွာ ကြည်ညိုဖွယ်တင့်တယ်မှု သပ္ပာယ်မှုကင်းမဲ့ သော ပုံသဏ္ဌာန်မျိုးများကို ထုလုပ် သွန်းလောင်း ရေးခြယ်ခြင်းမှ ရှောက်ကြဉ်ရပေမည် ။
ရေးသားသူ = အောင်ကျော်ဆန်းလင်း

Friday, August 24, 2012

"မြတ်ဗုဒ္ဓ၏တရားသည်..တိုးတက်ခြင်းကို..ပိတ်ဆို့သလား.."

"မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား" ဆရာတော်အရှင်ဒေ၀ိန္ဒာဘိဝံသရေးသားသည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့....။.... မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။ `၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။ သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော `` ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။ အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က “တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။ ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။ ဖြစ်သင့်တဲ့လောဘ ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။ မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။ ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။ ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။ မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။ လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။ တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။ ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။ တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။ ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။ မတရားလောဘဆိုတာ မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။ ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ တလွဲဆံပင်ကောင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။ ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။ ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။ တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။ အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။ ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။ ` အောက်ကလိအာ´´ မဖြစ်အောင် သတိပြု ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။) လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။ `အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။ ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။ ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။ ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။ တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။ သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။ စိတ်သာရှင်စော ဘုရားဟော လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။ တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။ ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။ ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။ စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။ တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။ တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။ မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။ လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။ ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။ သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း)ထံမှ..ပြန်လည်မျှဝေပါသည်။ ချမ်းသာပါစေ..၊အေးငြိမ်းပါစေ..၊ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ပါစေ..။ (ည.ည.တ)

Monday, July 23, 2012

What is Buddhism ?ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ၊

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ  ၅  ရပ်
မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ ( ၅၈၈ ) က ဒီကမ္ဘာကြီးမှာ   ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါ သည်။
မဟာသက္ကရာဇ် ၁၀၃ ခု  ၀ါဆိုလပြည့် စနေနေ့ ဘီစီ ( ၅၈၈ ) မှာ  ဓမ္မ ရတနာ စတင်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခု  ၀ါဆိုလပြည့်ကျော် ၂ ရက်  တနင်္လာနေ့  ဘီစီ ( ၅၈၈ ) မှာ သံဃရတနာ စတင်ပေါ်ပေါက်ခဲ့ပါ သည်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ် နဲ့  ၄၅ နှစ်နေပြီး ၊  မဟာသက္ကရာဇ်  ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ (  ၅၄၃ ) ခု မှာ  ပရိနိဗ္ဗာန် စံလွန်တော်မူပါ သည်။
ဗုဒ္ဓအဖြစ်နှင့်  ၄၅ နှစ် အတွင်းတွင်   တာဝန်ကြီး ၂ ရပ် ကို  တစ်နေ့လျှင်  ၂၂ နာရီ ၂၀ မိနစ် ခန့်မျှ  နေ့မအား ၊ ညမနား  လူသားသတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး ၍  ထမ်းဆောင်တော်မူခဲ့ပါသည်။
ထိုတာဝန်ကြီး ၂ ရပ်မှာ
၁။     ဓမ္မကို  ဟောပြောခြင်း ၊ ဖြေဆိုခြင်း
၂။     သံဃာ့အဖွဲ့အစည်း ကို ထူထောင်ခြင်း တို့ဖြစ်ပါသည်။
ထိုမြတ်ဗုဒ္ဓ ဟောပြောပြသည့် ဓမ္မအတိုင်း  လက်တွေ့လိုက်နာ ကျင့်သုံးသူများကို  ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။
ဘုရားကို ကိုးကွယ်ရာဟှူု၍  ဆည်းကပ်ခြင်း ၊
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း   ဆိုသော  သရဏဂုံသုံးပါး ကို လက်ခံလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိ ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် လိုက်နာရမည့်  စည်းကမ်း 5 မျိုး ရှိပါသည်။၎င်းတို့မှာ -
၁။     သက်ရှိလူသား တိရစ္ဆာန်တို့၏အသက် ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၊
၂။     သူတစ်ပါး ပစ္စည်းကို ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ် ရခြင်း ၊
၃။     ကာမဂုဏ်  ဖောက်ပြန်မှု ၊ အိမ်ထောင်ရေး ဖောက်ပြန် မှုမှ  ရှောင်ကြဉ်ရခြင်း
၎။     မဟုတ်မမှန်  ပြောဆိုခြင်း မှရှောင်ကြဉ်ရခြင်း ၊
၅။     မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း မှ ရှောင်ကြဉ်ရခြင်း   တို့ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ ချမှတ်ပေးသည့် ဤ စည်းကမ်း ငါးချက်ကိုကြည့်ခြင်းအားဖြင့် ၊ မြတ်ဗုဒ္ဓသည် လူသားတို့၏အသက် အိုးအိမ် စည်းစိမ် ချမ်းသာ  လုံခြုံရေး ၊ 
အိမ်ထောင်ရေးသာယာစေရေး၊
ကမ္ဘာလောကကြီးတွင် သစ္စာတရားထွန်းကားစေရေး ၊
လူသားတို့၏ဥာဏ်ရည်အဆင့်အတန်း မီရေး  စသော အရေးတို့ကို မျှော်တွေးကာ  အထက်ပါစည်းကမ်း ငါးချက်ကို ချမှတ်ခဲ့ကြောင်း တွေ့နိုင်ပါသည်။
လူသားတို့သည်  အပျော်ကြူးခြင်း ၊  အလိုရမက် ကြီးခြင်း၊ ကြောက်စိတ်များခြင်း ၊ တို့ကြောင့်မိမိတို့၏ဘ၀အတွက်အားကိုးရာ များကို စိတ်ကူးပုံဖော်ကာ  ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးများကို စိတ်ကူးပုံဖော်ကာ ကိုးကွယ် လက်ခံနေသည်ကို  မြတ်ဗုဒ္ဓ  မနှစ်သက်ခဲ့ပါ။
ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်မှန်ပါက  အထင်စွဲအာရုံ ၊  ကိုးကွယ်မှုမျိုးစုံကို  စွန့်လွှတ်ရမည်ဖြစ်ပါသည်။
အတွေးစွဲ အလီလီ ယုံကြည်မှုအရပ်ရပ်ကို လည်းပယ်စွန့် ကြရပါမည်။
သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရေးအတွက်  ဥပဒေသမူကြီး 5 ရပ်ကို  စံပြု သတ်မှတ်ထားခဲ့ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်ပါက-
၁။     ယုံကြည်မှုသဒ္ဒါတရား ရှိရပါမည်။
၂။     စောင့်ထိန်းမှုသီလ ရှိရပါမည်။
၃။     ကောတုဟလ မင်္ဂလာကို မယုံကြည်ရပါ။
၎။     ကံတရားကို ယုံကြည်သူဖြစ်ရပါမည်။
၅။     သာသနာတော် ပြင်ပ၌  ကိုးကွယ်မှုကို မရှာမှီးရ ။

၁။     ယုံကြည်မှုသဒ္ဒါတရား ရှိရမည်ဆိုသည်မှာအဘယ်နည်း
ဘုရား ၊တရား၊ သံဃာ ရတနာ သုံးပါးတို့၌  ဘုရားစစ် ဘုရားမှန် ၊ တရားစစ် တရားမှန်၊  သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံသော စိတ်ရှိရမည်ဟုဆိုလိုသည်။


၂။     စောင့်ထိန်းမှုသီလ  ရှိရမည်ဆိုသည်မှာ အဘယ်နည်း
ဝါရိတ္တ သီလဟုခေါ်သော  -ငါးပါး - ရှစ်ပါး သီလနှင့်
စာရိတ္တသီလ ဟုခေါ်သော လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘကျင့်ဝတ် ၊ သားသမီးကျင့်ဝတ် ၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သားကျင့်ဝတ် စသော လုပ်သင့်လုပ်ထိုက်သောကျင့်ဝတ်သီလများ နှင့် ပြည့်စုံရမည်ဟုဆိုလိုပါသည်။
ဤဥပဒေသ တွင် မြတ်ဗုဒ္ဓသည် လူသားတို့အား  -မလုပ်ဘဲနေရမည်ကို မလုပ်ဘဲနေရဲသောသတ္တိ၊
လုပ်သင့်လုပ်ထိုက်တာကို  လုပ်ရဲသောသတ္တိ များ စိတ်မှာမွေးမြူနိုင်ရန် မီးမောင်းထိုးပြသွားခဲ့ပါသည်။

၃။     ကောတုဟလ မင်္ဂလာ ကို မယုံကြည်ရဆိုသည်မှာ အဘယ်နည်း
အချို့သောလူများသည်   -အိမ်မြောင်စုတ်ထိုးလျှင်ကောင်းသည် ၊  ကျီးကန်းလာနားရင်နိမိတ်မကောင်းဘူး ၊ စသော ကောတုဟလမင်္ဂလာကိုယုံကြည် လက်ခံတတ်ကြပါသည်၊      
မြတ်ဗုဒ္ဓက  - ဗုဒ္ဓဘာသာဝင်မှန်ပါက  ရက်ရာဇာ ၊ပြဿဒါး ၊ ကျီးကန်းလာနားခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း ၊ နေကြတ်ခြင်း ၊ လကြတ်ခြင်း စသည်တို့ကြောင့် ကောင်းကျိုးဆိုးကျိုး ရှိသည်ဆိုခြင်းအား၊ လက်မခံရန် ဥပဒေသ နံပါတ် 3 တွင် ချမှတ်တော်မူထားပါသည်၊
ကောင်းကျိုးလိုလားသူ သည် ကောင်းသောလုပ်ရပ်  ကိုလုပ်ရမည်၊
မကောင်းကျိုးမခံစားလိုသူများအနေနှင့်  မကောင်းသောအပြုအမူ  အပြောအဆို အတွေးအကြံများကို မပြုလုပ်မိဖို့လိုပါသည်။
မိမိ၏ အတွေးအကြံများက မကောင်းသောဘက်တွင် ပျော်မွေ့နေသော်လည်း   တန်ပြန်အကျိုးသက်ရောက်မှုကောင်းကျိုးကိုမျှော်လင့်နေခြင်းသည် ကား ၊  ကောင်းကင်က ရေစီး၊မြေကြီးကလသာ မည့်အချိန်ကို စောင့်နေသူ နှင့်တူနေပါမည်။

၎။     ကံတရားကိုယုံကြည်သူဖြစ်ရမည် ဆိုသည်မှာအဘယ်နည်း
ဗုဒ္ဓ၏ဒေသနာတော်တွင်  - အကြင်မျိုးစေ့ကို စိုက်ပျိုး၏။   ထိုအပင်ကိုသာလျှင် ရိတ်သိမ်းရ၏ဆိုသည့်အတိုင်း   ကောင်းကံလုပ်လျှင် ကောင်းကျိုးကိုခံစားရမည်၊
မကောင်းကံ လုပ်လျှင်   မကောင်းကျိုးကို ခံစားရမည်ဆိုသော သဘောတရားကို ယုံကြည်လက်ခံရမည်ဟုဆိုလိုပါသည်။

ကံတရားအကြောင်းကို အနည်းငယ်ထပ်ပြောရလျှင်-
သစ်ပင်တစ်ပင်ကိုနမူနာကြည့်ပါ။
ထိုသစ်ပင် ရှင်သန်ကြီးထွားစေရန်
၁။     လုံလောက်သောနေရောင်ခြည်
၂။     လုံလောက်သောရေဓာတ်
၃။     ကြီးထွားသီးပွင့်ရမည့်အချိန်အခါ
ထိုအကြောင်းတရား  ၃ မျိုး ပေါင်းဆုံမှသာလျှင် ၊သစ်ပင်သည်  ရှင်သန် ကြီးထွား ပွင့်သီးမည်ဖြစ်ပါသည်။၎င်းကို  ဗီဇ နိယာမဟုခေါ်ပါသည်။
ဤဗီဇနိယာမ ကဲ့သို့ပင် - မိမိတို့ပြုလုပ်လိုက်သောကောင်းကံ ၊ ဆိုးကံ များသည် ပြုလုပ်လိုက်ပြီးသည်နှင့်တပြိုင်နက်  မိမိတို့၏ခန္ဓာကိုယ်တွင်  သတ္တိများကို ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားကြပါသည်။ မိမိတို့ခန္ဓာကိုယ်မှာရှိသော ထိုသတ္တိ များသည်   စေတနာသမင်္ဂီတာ၊ ကမ္မ သမင်္ဂီတာ၊  ဥပဌာနသမင်္ဂီတာ၊   ၀ိပါကသမင်္ဂီတာ၊ ဆိုသော အကြောင်းတရား ၄ မျိုးပေါင်းစုံသောအချိန်တွင် တန်ပြန်သက်ရောက်မှုအဖြစ်၊ ဧကန်အကျိုးပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်လျှင်  ဤ ကမ္မနိယာမ၏ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမည်ဟုမိန့်တော်မူခဲ့ပါသည်။

 ၅။    သာသနာတော် ပြင်ပ၌  ကိုးကွယ်မှုကို မရှာမှီး ရဆိုသည်မှာအဘယ်နည်း
လူအများသည် အပျော်ကြူးခြင်း ၊  အလိုကြီးခြင်း ၊ ကြောက်စိတ်များ ခြင်း၊  စိုးရိမ်စိတ်များခြင်းတို့ကြောင့်  သာသနာတော်၏ပြင်ပဖြစ်သော  နတ်ကိုးကွယ်ခြင်း ၊  ဘိုးတော် မယ်တော်  ကိုးကွယ်ခြင်း ၊  အင်းအိုင်လက်ဖွဲ့ ဗေဒင်  မန္တာန် ကို အားထားယုံကြည်ခြင်း  စသော သာသနာတော် ပြင်ပ ကိုးကွယ်ရာများကို  ရှာမှီးကိုးကွယ်နေကြပါသည်။
မြန်မာပြည်တွင်ခေတ်စားနေသော အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း၊ သူရဿတီ မယ်တော်စသော နတ်တို့၏သမိုင်းကြောင်း ကိုပြန်ကြည့်ပါက ၊  မြန်မာပြည်ဖြစ်နတ်များ ၊ အစိမ်းသေ နတ်များ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
ဗြဟ္မဏတို့စိတ်ကူးပုံဖော်ကိုးကွယ်ခဲ့သော  တကယ်မရှိသည့် သူရဿတီ နတ်သမီး ကို ပိဋကတ် သုံးပုံစောင့် နတ်သမီးအဖြစ်  ယုံကြည်ကိုးကွယ်နေကြခြင်းသည် ၊ ပိဋကတ်သုံးပုံကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော သံဃာတော်များကို  စော်ကားခြင်းဖြစ်သကဲ့သို့  မိမိ၏ ဦးနှောက်နှင့် နှလုံးသားကို  အသိအမှတ်မပြုရာရောက်ပါသည်။
မနုဿဗေဒပညာရှင်တစ်ဦး၏အဆိုအမိန့်တစ်ခုကို ဤနေရာတွင် တင်ပြရလျှင်၊ - ထာဝရ ဘုရားက လူတို့ကိုဖန်ဆင်းထားခြင်း မဟုတ်၊ လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်း  ဖြစ်သည်ဟုဆိုပါသည်။
 ဤကဲ့သို့ပင် -  နတ်တို့က လူတို့ကို စောင့်ရှောက်ထားခြင်း မဟုတ် ၊ လူတို့ကသာ နတ်တို့ကို စောင့်ရှောက်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓက   ဗုဒ္ဓဘာသာဝင်မှန်လျှင် ၊သာသနာပ ကိုးကွယ်မှုကို  မရှာရဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ဖို့ရန်အတွက် - 
ယုံကြည်မှုသဒ္ဒါတရားရှိရမည်၊
စောင့်ထိန်းမှုသီလရှိရမည်၊
ကောတုဟလ မင်္ဂလာကိုမယုံကြည်ရ၊
ကံတရားကိုယုံကြည်သူဖြစ်ရမည်၊
သာသနာတော်ပြင်ပ ကိုးကွယ်မှုမရှာရ၊
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ ချက်ကို ဦးထိပ်ပန်ဆင်၍ ၊  ဗုဒ္ဓ၀ါဒသဘောတရားဖြစ်သော ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊  မကောင်းမှုမှ ကောင်းမှုသို့ ၊ အမှောင်မှ အလင်းသို့ ၊ မသိမှုမှ သိမှုသို့ ၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ရောက်အောင်  ၊ အသိ  အကျင့်   ဘက်စုံမြှင့်၍ ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်ဖြစ်အောင်  သင်တို့ ငါတို့ ကြိုးစားးကြပါစို့။

Theravada Buddhist Foundation  ( ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ရပ် ) by  Ashin  Tikkkhanyanalinkara
၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့  Intenisty  Speaking  Center  မှာ ဘာသာကြီး များဆိုင်ရာ နှီးနှောဖလှယ်ပွဲလေးကျင်းပ ခဲ့ပါသည်။ထိုနှီးနှောဖလှယ်ပွဲ တွင် Ashin  Tikkkhanyanalinkara
ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းလေးကို  မျှဝေပေးလိုက်ပါသည်။အပြောနှင့်ရေးသားထားသည်ကို စာကဲ့သိုပြင်ဆင်သည်မှအပ မူရင်း အတိုင်းတင်ပြပေးလိုက်ပါသည်။

Thursday, July 19, 2012

"ကိုးကွယ်ရာ ရတနာသုံးပါး"

လူတစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည့်ရမည့် အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်နိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာ သုံးပါး၊ ကံနှင့် ကံ၏ အကျိုးတရား၊ မျက်မှောက်လောကနှင့် တမလွန်လောက စသည်တို့ ကို ယုံကြည့်နိုင်ရမည်။



'ရတနာ သုံးပါး'


(က) ဗုဒ္ဓ ရတနာ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါကို ကိုးကွယ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရား၏ သတ္တ၀ါတို့ ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်စင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်းတို့ ကြောင့်ပင်ဖြစ်သည်။
(ခ) ဓမ္မ ရတနာ
ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို   ကျင့်ကြံလိုက်နာသူတို့ ကို ဘ၀သံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်း အခိုက်နှင့် ကျင့်ပြီး နောက်ကာလတို့ ၌လည်း သက်သာမှုကိုပေးစေခြင်းဖြင့် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
(ဂ) သံဃာ ရတနာ
သံဃာတော်ကို ကိုးကွယ်ခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ ကို
ကြီးကျယ်ဖွံ့ ဖြိုးအကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ထိုရတနာသုံးပါးအား ကြည့်ညိုလေးစား ကိုကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ ရောက်ရမည် ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကို ရရှိမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘ တည်းဟူသော အနန္တောအနန္တ ငါးပါးကို တစ်ဂိုဏ်းတည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။

အနန္တောအနန္တ ငါးပါး
(၁) ဗုဒ္ဓဂုဏော အနန္တော၊
(၂) ဓမ္မဂုဏော အနန္တော၊
(၃) သံဃာဂုဏော အနန္တော၊
(၄) မာတာပိတုဂုဏော အနန္တော၊
(၅) အာစရိယဂုဏော အနန္တော၊
* ဗုဒ္ဓဂုဏော-မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
*ဓမ္မဂုဏော-တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* သံဃာဂုဏော -သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* မာတာပိတုဂုဏော-အမိအဘတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။

* အာစရိယဂုဏော-ဆရာသမားတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။

Saturday, July 7, 2012

ဘုရားဆိုတာ ... စေတီဆိုတာ

မိမိတို့ ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာနဲ့ အခြားဘာသာများတွင် အရိုအသေပေး ကိုးကွယ်လေ့ရှိတဲ့ အရာကို မြန်မာတို့ဘာသာစကားအရ “ဘုရား”လို့ ခေါ်ကြတယ်။

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ‘ဘုရား’ ဆိုတဲ့အသံ၊ ‘ဘုရား’ ဆိုတဲ့ စကားလုံးကို ခပ်များများ အသုံးပြုကြတော့ ‘ဘုရား’ဆိုတဲ့အသံ ကြားလိုက်ရတဲ့အခါ အဲဒီ‘ဘုရား’ဟာ ဘာလဲလို့ စိတ်ထဲမှာ မေးချင်စရာ ဖြစ်လာပုံ ရတယ်။

ဒါကြောင့် အလှူပွဲတစ်ခုမှာ ဘုရားရဲ့ ဂုဏ်တော်တစ်ခုဖြစ်တဲ့ စရဏတရား (၁၅)ပါးကို ဟောပြီးလို့ ရေစက်ချ အမျှပေးဝေပြီးတဲ့အခါမှာ ဒကာလေးတစ်ယောက်က “အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် God လို့ နားလည်သွားပါတယ်။ တပည့်တော်တို့ဘာသာမှာ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလွန်းလို့ ဒီမှာ မွေးတဲ့ ကလေးတွေက ဘုရားဆိုတာ ဘာလဲလို့ မေးလာရင် အတော်ရှင်းပြရလိမ့်မယ် ထင်တယ်။ ဗုဒ္ဓဘာသာမှာ ‘ဘုရား’ဟာ ဘာလဲဆိုတာ ရှင်းပြပေးပါ”လို့ မေးလာပါတယ်။

ရုတ်တရက် အမေးခံလိုက်ရတော့ ဒီကောင် ဘာကြောင်ပြီး ငါ့ကို ကြောင်တောင်တောင် မေးခွန်းကို မေးရသလဲလို့ စိတ်ထဲမှာ နောက်တောက်တောက်ဖြစ်သွားတယ်။
နောက်မှ .. အေးလေ .. သူသိချင်လို့ မေးမှတော့ သင့်တော်တဲ့အဖြေ ပေးရမှာပေါ့ဟု စိတ်ကို ပြင်ကာ “ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဗုဒ္ဓကို ခေါ်တယ်။ ဗုဒ္ဓ(ဘုရား)ဟာ လူသားဖြစ်ပြီး သူ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ အညစ်အကြေး(ကိလေသာ)တွေ မရှိတော့လို့ စင်ကြယ်သူ၊ မြင့်မြတ်သူ၊ အသိဉာဏ် ထက်မြက်သူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ အများအကျိုးကို ဆောင်ရွက်သူ ဖြစ်တယ်။
ဗုဒ္ဓဟာ ဖန်ဆင်းရှင်(Creator or God) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ လက်ဝေခံတပည့် (messiah, prophet) မဟုတ်ဘူး။
ဖန်ဆင်းရှင်ရဲ့ ကိုယ်စားလှယ်၊ တမန်တော်၊ ကယ်တင်ရှင်လည်း မဟုတ်ဘူး။
သူ့ရဲ့အယူအဆ သူ့ယုံကြည်ချက်ကို ကိုယ်တိုင်ကျင့်သုံးပြီး၊ ရရှိတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ လူထုကို ချပြရဲသူ ဖြစ်တယ်။
ဒါ .. ငါပြောတာ မဟုတ်ဘူး။ ငါ့အထက်က လူက ပြောတာ၊ ငါ့အဖေက ပြောတာလို့ ကိုယ့်စကားကို သူများစကားဖြစ်အောင် မပြောဘူး။
ဒါကို ငါကိုယ်တိုင်သိလို့ ပြောတယ်။
ငါပြောတာတွေကို မင်းတို့ စစ်ဆေးကြည့်နိုင်တယ်။ ကျင့်သုံးကြည့်နိုင်တယ်။
ကျင့်သုံးလို့ မင်းတို့အတွက် အများအတွက် အကျိုးရှိတယ်ဆိုရင် ဆက်ပြီး ကျင့်သုံးပေါ့။
ငါပြောတာ နားမထောင်လို့၊ ငါခိုင်းတာ မလုပ်လို့၊ ငါ့ကို ဆရာလို့ မသတ်မှတ်လို့ ငါက မင်းတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။
အသိဉာဏ်ရှိမှု၊ အကျင့်သိက္ခကောင်းမွန်မှု၊ အများအကျိုးဆောင်ရွက်မှု စတဲ့ အရာတွေမှာ ဘယ်သူမှ ငါ့အထက်မှာ မရှိလို့ ငါဟာ တစ်ဦးတစ်ယောက်ရဲ့ လက်ဝေခံ အစေအပါး တပည့်မဟုတ်လို့ ငါ့စကားကို နားမထောင်ရင် ငါ့အထက်က လူက မင်းတို့ကို အပြစ်ပေး အရေးယူမယ်၊ ကယ်တင်မယ်လို့ မပြောဘူး။
ကောင်းတာလုပ်ရင် ပြုလုပ်သူပဲ ကောင်းတာကို ရရှိမယ်။
မကောင်းတာလုပ်ရင် ပြုလုပ်သူပဲ မကောင်းတာကို ရရှိမယ်။
မင်းတို့ မကောင်းမှုလုပ်တာကို မင်းတို့ကိုယ်စား ငါက ဝင်ခံပေးလို့ မရဘူး။ မပေးနိုင်ဘူး။
သားကျူးလွန်တဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေရဲ့ အပြစ်ဒဏ်ကို အဖေက ဝင်ခံပေးရင် ရတယ်ဆိုတာ ဘယ်နိုင်ငံ ဘယ်ဥပဒေမှာမှ မရှိလို့ မင်းလုပ်တဲ့အပြစ်ကို ငါဝင်ခံပေးမယ်လို့ ယုတ္တိမရှိတဲ့ စကားကို မပြောဘူး။
ဒါပေမယ့် ဒါကတော့ ကောင်းတဲ့အလုပ်၊ အကျိုးရှိတဲ့အလုပ်၊
ဒါကတော့ မကောင်းတဲ့အလုပ်၊ အကျိုးမရှိတဲ့အလုပ်၊
ဒါကတော့ လုပ်သင့်တဲ့အလုပ်၊ မလုပ်သင့်တဲ့အလုပ်လို့ ခွဲခြားပြောပြနိုင်တယ်လို့ အမှန်အတိုင်း ရိုးရိုးသားသား ပြောပြရဲသူ ဖြစ်တယ်။
ဒါကြောင့် ဒို့က သူ့ကို ဆရာတင်ပြီး ဆရာအဖြစ်သတ်မှတ်ပြီး ‘ဗုဒ္ဓ ဘုရား’လို့ ခေါ်တာ။”

မေး။     ။ မှန်ပါ။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိပါပြီ။ တပည့်တော်တို့ သံဃာတော်တွေနဲ့ စကားပြောတဲ့အခါ ‘ဘုရား .. ဘုရား’နဲ့ ထည့်ထည့်ပြောနေတာ၊ အဲဒီ ဘုရားကကော ဘာလဲ။

ဖြေ။     ။ အဲဒါကတော့ ယဉ်ကျေးမှုအရ ပြောဆိုသုံးနှုန်းတဲ့ စကားလုံး တစ်လုံးပါ။

မေး။     ။ အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် (God)လို့ နားလည်သွားတာပဲ။ တပည့်တော်တို့ကျမှ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလိုက်တာ။ ဒီမှာ မွေးတဲ့ ကလေးတွေကို ဘုရားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အတော် ရှင်းပြရလိမ့်မယ် ထင်တယ်။

ဖြေ။    ။အေး ... ခုခေတ်မှာ မြန်မာပြည်မှာ မင်းဆိုတဲ့ ဘုရင်မရှိလို့ တော်သေးသကွ။ ဘုရင်ရှိရင် ဘုရင်က ... ဟဲ့ အမတ်ကြီး၊ မောင်မင်းလို့ ခေါ်လိုက်ရင် မှန်လှပါဘုရားဆိုပြီး သူနဲ့ပြောတိုင်း ဘုရား ... ဘုရား လို့ ထည့်ပြောရတာ ရှိသေးတယ်။

+++++

စေတီ

မေး။    ။ ဘုရားတည်တယ်၊ ဘုရားတည်တယ်ဆိုတာကကော ဘာပါလဲ။ ခု အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် အဆောက်အဦတွေဟာ ဘုရားတွေလား။

ဖြေ။    ။ အော ... ခုမှပဲ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘာလဲလို့ မင်းဘာကြောင့်မေးတယ်ဆိုတာ ငါနားလည်သွားပြီ။ ဘုရားဆိုတဲ့ အသုံးအနှုန်းကို အကြောင်းပြုပြီး ဘုရားဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာတာပဲ။
အေး ... အဲဒီ အချွန်အတက်တွေနဲ့ ထိုးထိုးထောင်ထောင် ရွှေတပြောင်ပြောင် အဆောက်အဦကိုလည်း ဘုရားလို့ အလွယ်တကူ ခေါ်ကြတယ်။ တကယ်တော့ ဒီအဆောက်အဦက ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။
“ဘုရားကျောင်း” ဒါမှမဟုတ် “စေတီ”လို့ ခေါ်တယ်။
စေတီဆိုတာ အရိုအသေပေးထိုက်တဲ့ နေရာဌာန၊ အဆောက်အဦလို့ အဓိပ္ပာယ်ထွက်တယ်။
မြန်မာတွေက အဲဒီ စေတီတွေကို ဘုရားလို့ အလွယ်တကူ ခေါ်လိုက်တယ်။
ဥပမာ - ရွှေတိဂုံဘုရားလို့ အလွယ်တကူ ပြောလိုက်ပေမယ့် ရွှေတိဂုံဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူး။ စေတီ ဖြစ်တယ်။ ဒါကြောင့် ရွှေတိဂုံစေတီလို့ ပြောရင် ပိုပြီး ရှင်းသွားမယ်။

မေး။     ။ ဘာဖြစ်လို့ အဲဒီလို အဆောက်အဦမျိုး၊ ဥပမာ-ရွှေတိဂုံလိုမျိုးကို အရိုအသေပေးရတာလဲ။ ရှိခိုးဦးချရတာလဲ။ ဘုရားဖူးသွားတယ်ဆိုတာ အဲဒီလို အဆောက်အဦတွေကို သွားရောက် လှည့်လည် ကြည့်ရှုတာလား။ အဲဒီ အဆောက်အဦတွေကို ရွှေတွေချထားလို့၊ ထီးဆိုတဲ့အရာမှာ စိန် ရွှေ စတဲ့ ရတနာတွေ တပ်ဆင်ထားလို့ ဘုရားဆိုပြီး ရှိခိုးဦးချကြတာလား။

ဖြေ။     ။ အဲဒီလို စိန,်ရွှေစတဲ့ ရတနာတွေရှိနေလို့ အရိုအသေပေးတာ ရှိခိုးဦးချတာတော့ မဟုတ်ဘူးကွ။ အဲဒီ အဆောက်အဦထဲမှာ ဗုဒ္ဓ(ဘုရား)နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဓာတ်တော်တွေ ထည့်ပြီး တည်ဆောက်ထားလို့ အရိုအသေပေးတာ ရှိခိုးဦးချကြတာ ဖြစ်တယ်။

မေး။     ။ ဓာတ်တော်ဆိုတာကကော ဘာလဲ။

ဖြေ။     ။ ဓာတ်တော်ဆိုတာ ဗုဒ္ဓ(ဘုရား)ရဲ့ ရုပ်အလောင်းကို မီးရှို့တဲ့အခါ အကုန်မလောင်ဘဲ ကြွင်းကျန်နေရစ်ခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ခေါ်တယ်။
စေတီကို အရိုအသေပေးတဲ့အခါ အဲဒါတွေကို အရိုအသေပေးတဲ့ သဘောပဲ။

အရိုအသေပေးရတာက

မေး။     ။ ဘာကြောင့် အဲဒါတွေကို အရိုအသေပေးရတာလဲ။ သက်မဲ့ပစ္စည်းတွေ ဖြစ်ကုန်ပြီပဲ။

ဖြေ။     ။ အေး ... သက်မဲ့ပစ္စည်းဖြစ်ပေမယ့် အဲဒီ သက်မဲ့ပစ္စည်းပိုင်ရှင်ကို အောက်မေ့သတိရတဲ့အနေနဲ့ ဂုဏ်ပြုချီးကျူးတဲ့အနေနဲ့ တလေးတစား သိမ်းထားပြီး အရိုအသေပေးကြတာပဲ။
ဥပမာ - မင်းရဲ့ ကွယ်လွန်သွားတဲ့ မိဘ ဘိုးဘွားတွေရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး သိမ်းဆည်းထားတာ ရှိကောင်းရှိမယ်။ အဲဒီ ပစ္စည်းလေးတွေကို မြင်ရင် ပစ္စည်းပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ မိဘဘိုးဘွားတွေကို စိတ်ထဲ ပြန်မြင်လာတယ် မဟုတ်လား။
နောက်ပြီး သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို အမှတ်ရမယ်၊ သူတို့ရဲ့ ဆိုဆုံးမချက်တွေကို သတိရပြီး လိုက်နာကျင့်သုံးမယ်။ သူတို့ကို အကြောင်းပြုပြီး ကောင်းတဲ့အလုပ်တွေ လုပ်မယ်။
ဒီသဘောမျိုးပဲပေါ့။ ဓာတ်ပုံတွေ၊ ရုပ်တုတွေကို အရိုအသေပေးတာလည်း ဒီအတိုင်းပါပဲ။
ဥပမာ - မင်းမှာ အမေရှိတယ်။ အဲဒီအမေ သေဆုံးသွားတဲ့အခါ အမေ့ဓာတ်ပုံကို တနေရာရာမှာ တရိုတသေ သိမ်းထားတယ်။ အမေ မရှိတော့ပေမယ့် အမေ့ဓာတ်ပုံကို မြင်တိုင်း အမေကို သတိရမယ်။ အမေက ကိုယ့်ကို ပြုစုစောင့်ရှောက်ခဲ့တာတွေ ဆိုဆုံးမခဲ့တာတွေကို သတိရလိမ့်မယ်။
အမေမရှိတော့လို့ အမေ့ဓာတ်ပုံ ထားစရာလည်း မလိုပါဘူး၊ သတိရစရာလည်း မလိုပါဘူးဆိုရင်တော့လည်း တမျိုးပေါ့။
ဒါပေမယ့် မင်းအလွန်ငယ်တုန်းက မင်းအမေသေသွားတယ်ဆိုရင်၊ နောက်ပြီး ဓာတ်ပုံလောက်မှ မကျန်ခဲ့ဘူးဆိုရင် မင်းအမေ ဘယ်လိုပုံ ရှိတယ်၊ ဖြူတယ် မည်းတယ် ရှည်တယ် ပုတယ် ပိန်တယ် ဝတယ် လှတယ် မလှဘူးဆိုတာကို မင်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။

ဘာမှ မရှိတဲ့ နံရံကို ကြည့်ပြီး အမေက ဘယ်လိုပုံလဲ ... အဖေက ဘယ်လိုပုံလဲ ဆိုတာ မှန်းဆနေရတာနဲ့စာရင် ဓာတ်ပုံရှိတဲ့အခါ အော .. အမေဟာ ဒီလိုပုံပါလားလို့ သိရတော့ ပိုပြီး စိတ်ထဲမှာ ရှင်းသွားတာပေါ့။ ဘာမှ မရှိတဲ့ နံရံကြီးကို ကြည့်ရင် နံရံကြီးပဲ မြင်ရမှာပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာ ဘယ်လိုအရာလဲ၊ ဘယ်လိုပုံလဲလို့ သိရအောင် ရုပ်ပွားဆင်းတုကို အိမ်မှာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် ဘုရားကျောင်းမှာပဲဖြစ်ဖြစ် ထားရှိပြီး အရိုအသေပေးကြတာပေါ့။

နောက်တစ်ခါ ထပ်ပြောဦးမယ်။
အဲဒီ ရုပ်တုတွေဟာ ဗုဒ္ဓ(ဘုရား) မဟုတ်ဘူးနော်။ နားမဝေးနဲ့။ စိတ်ရှုပ်မသွားနဲ့။ အဲဒီ ရုပ်တုတွေဟာ ဘုရားရှင် အသက်ထင်ရှားရှိတုန်းက ဘယ်လိုပုံ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ဖော်ပြထားတဲ့ အရုပ်ပဲ ဖြစ်တယ်။
အဲဒါ ဗုဒ္ဓရဲ့ ရုပ်ပွားဆင်းတု ဖြစ်တယ်။
အမေ့ဓာတ်ပုံဟာ အမေမဟုတ်ပေမယ့် အမေဘယ်လိုပုံ ရှိတယ်ဆိုတာကို ပြတဲ့ အရာဝတ္ထုလိုပဲပေါ့။
ဒါပေမယ့် ဗုဒ္ဓဘာသာတွေအနေနဲ့ ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်ကို
လည်း ဘုရားလို့ ခေါ်လိုက်တာပဲကွ။
ဒီတော့ ဘာသာခြားတွေက ဗုဒ္ဓဘာသာမှာ အရုပ်ကလည်း ဘုရား (God)၊ အုတ်ပုံကလည်း ဘုရား (God)၊ ဓာတ်ပုံကလည်း ဘုရား (God)၊ ဘုရားဆိုပြီး ဘာတွေ ဦးချ အရိုအသေ ပေးနေတာလဲလို့ ဝေဖန်ချင် ဝေဖန်ကြလိမ့်မယ်။
သူတို့ဝေဖန်တာ မဝေဖန်တာထက် ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်၊ ဗုဒ္ဓရုပ်ပုံပန်းချီကား၊ စေတီ (ဘုရားကျောင်း) တွေကို အရိုအသေပေးတဲ့အခါ ရှိခိုးဦးချတဲ့အခါမှာ ဗုဒ္ဓရဲ့ဂုဏ်တော် (ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ .....) ကိုးပါးကို စိတ်ထဲမှာ အာရုံယူပြီး မှန်းဆပြီး အရိုအသေပေးရမယ်၊ ရှိခိုးဦးချရမယ်။
အဲဒီလိုမဟုတ်ဘဲ ပုဆိန်ပေါက် ဦးချ အရိုအသေပေးတယ်ဆိုရင် ဘာသာခြားတွေ ဝေဖန်ပြောဆိုတာကို ဟုတ်တယ်လို့ ထောက်ခံချက် ပေးတာနဲ့ အတူတူဖြစ်သွားမယ်။

ဘုရားပွဲနဲ့ ကုသိုလ်၊ အကုသိုလ်

မေး။     ။ အရှင်ဘုရား ... ဘုရားပွဲကျင်းပမယ်လို့ သိရတယ်။ ဘုရားပွဲဆိုတာ ဘာလဲ။

ဖြေ။     ။ ဟေ ... ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု လာပြန်ပြီလား။

အေး ... မင်းက သိချင်လို့ မေးတယ်၊ ငါက ဖြေတယ်။ ဒီအမေးအဖြေကို စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်တဲ့အခါ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ရကောင်းလားဆိုပြီး ခရုခါးတောင်းကျိုက် ဖမ်းနေတယ်လို့ ဝေဖန်နေဦးမယ်။ ထားပါတော့ ... မင်းသိချင်တော့လည်း တတ်သလောက် မှတ်သလောက်နဲ့ ဖြေရတာပေါ့။

အေး ... ဘုရားပွဲဆိုတာ ဘုရားကို အကြောင်းပြုပြီး လူစုလူဝေးလုပ်တာကို ခေါ်တယ်။ ရည်ရွယ်ချက်က ဘုရားကို (စေတီကို) အကြောင်းပြုပြီး ကောင်းမှုတွေ တိုးပွားအောင် ဆောင်ရွက်ခွင့်ရအောင် ပြုလုပ်တာပဲ။
စေတီကို အကြောင်းပြုပြီး သံဃာတွေကို ပင့်မယ်။ ကြွလာမယ်။ လူတွေကို ဖိတ်မယ်။ လာကြမယ်။ အဲဒီလို လာကြပြီး စုဝေးရောက်ရှိကြတဲ့အခါ စေတီရင်ပြင်မှာ ဗုဒ္ဓ(ဘုရားရှင်) ကို အောက်မေ့ သတိရပြီး သူ့ရဲ့ဂုဏ်တော်တွေ၊ အဆုံးအမတွေကို ရွတ်ဖတ်ကြမယ်၊ ပူဇော်ကြမယ်၊ အရိုအသေပေးကြမယ်။ စေတနာအလျောက် သံဃာတော်တွေကို လှူမယ်။ လူတွေကို အခမဲ့ ကျွေးမယ်။ လာတဲ့လူတွေကလည်း ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ ကိုယ်လှူချင်သလောက် လှူမယ်။ လုပ်အားပေးသူတွေကလည်း တတ်နိုင်သလောက် ကိုယ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမယ်။ တရားစကားပြောမယ်၊ နားထောင်ကြမယ်။
ဒီအလုပ်တွေဟာ ကောင်းတဲ့အလုပ်တွေမို့ ကုသိုလ်လို့ ခေါ်တယ်။
ဒါကြောင့် စေတီ(ဘုရား)ပွဲကို အကြောင်းပြုပြီး ဒီအလုပ်တွေကို လုပ်တဲ့သူတွေဟာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ်တွေ ရတာပေါ့။
ဒါ စေတီ(ဘုရား)ပွဲ ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ပဲ။

မေး။     ။ အရှင်ဘုရား ... ဗမာပြည်မှာလို စေတီ(ဘုရား)ပွဲမှာ ဇာတ်ပွဲ အငြိမ့်ပွဲတွေ ထည့်ပါလား ဘုရား။ အနည်းဆုံး ကာရာအိုကေလောက် ထည့်ရင်ပဲ လူတွေ ပျော်ကြမှာ။ ဘုရားပွဲလည်း ပိုစည်ကားမှာ။ ထည့်ချင်ရင် တပည့်တော် စီစဉ်ပေးပါမယ်။

ဖြေ။     ။ မလုပ်ပါနဲ့ မောင်ရင်ရာ။ မင်းပြောသလို လူစည်မှာတော့ အမှန်ပဲ။ ဘုရားပွဲတွေမှာ ဇာတ်ပွဲ အငြိမ့်ပွဲ ပါလာတာဟာ မင်းပြောသလို လူအများလာအောင် ဆွဲဆောင်ရာကနေ ဖြစ်ပေါ်လာတဲ့ အစဉ်အလာကြီးတစ်ခု ဖြစ်သွားပုံ ရသကွ။
ဘာသာရေး သာသနာရေး ကိစ္စဆိုရင်၊ တရားပွဲ သက်သက်ဆိုရင် လူ့သဘာဝအရ သိပ်စိတ်မဝင်စားတတ်ကြဘူး။ ဒါကြောင့် လူများများလာအောင် အဆိုအကတွေ ထည့်ကြတယ် ထင်တယ်။
မင်း စဉ်းစားကြည့်ပါလား။ တရားရိပ်သာကို သွားရင် တရားသံပဲ ကြားရမယ်။ သီချင်းသံ မကြားရဘူး။ ပျင်းခြောက်ခြောက်ကြီး။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သွားရင် သီချင်းသံတော့ အနည်းဆုံး ကြားရဦးမယ်။ ဟော ... ဆီနီဂေါဆိုတဲ့ ဂျူးဘုရားကျောင်းကျတော့ ဘင်ဂိုဆိုတဲ့ အပျင်းပြေ ကစားစရာကိုပါ တွဲဖက်ပေးထားသေးတယ်။
ဒါ .. ဘာကြောင့်လဲဆိုတော့ ဘာသာရေးသက်သက်ဆို လူမလာလို့ လူလာအောင်ဆိုပြီး အပျော်အပါး အကစားတွေနဲ့ ဆွယ်ရတာ။
အဲဒီလိုပဲ ဗုဒ္ဓဘာသာ စေတီပွဲ (ဘုရားပွဲ)တွေမှာ လူအလာများအောင် စည်ကားအောင်ဆိုပြီး အငြိမ့်တွေ ဇာတ်တွေ ထည့်ကျင်းပကြတယ်လို့ ငါ ထင်တယ်။ ငါ ငယ်ငယ်တုန်းက စေတီ(ဘုရား)ပွဲ သွားမယ်ဆို ပျော်တာပေါ့။ ဒါပေမယ့် ဗုဒ္ဓ(ဘုရား)အပေါ် စိတ်ရောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ စေတီပူဇော်ပွဲကို သွားပြီး ဇာတ်ပွဲကြည့်မယ်။ ဈေးဝယ်မယ်။ မုန့်စားမယ်။ ဒါပဲ စိတ်ဝင်စားတယ်။ ဒါတွေ လုပ်ပြီး ပြန်ခဲ့တယ်။ စေတီကို (ဘုရားကို) ပုဆိန်ပေါက် ဦးချတာလေးလောက်တော့ လုပ်ခဲ့ပါရဲ့။ တခါတရံ စေတီရင်ပြင်ပေါ်တောင် မရောက်ခဲ့ဘူး။ နည်းနည်း အရွယ်ရောက်လာလို့ သတိထားမိတာကတော့ စေတီပူဇော်ပွဲ (ဘုရားပွဲ)တွေမှာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ဘောလုံးပစ်ပွဲ စတဲ့ လောင်းကစားပွဲတွေပါ ပါလာတာ တွေ့ရတယ်။ ဒါ့အပြင် အရက်ဆိုင်တွေပါ ပါလာတယ်။ နောက် အပျော်မယား ကြေးစားမယ် ပြည့်တန်ဆာတွေလည်း စေတီပွဲမှာ စီးပွားရှာဖို့ ရောက်လာတယ်လို့ ကြားဖူးတယ်။ ဒကာလေး ကြားလိုက်မလား မသိဘူး။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ မင်းဘူးက ရွှေစက်တော်ဘုရားမှာ တစ်ခါက ဘာမှ အရိပ်အရောင် မပြဘဲ လေကြီးမိုးကြီး ကျပြီး ရေလွှမ်းသွားလို့ လူတွေ အများကြီး သေတဲ့သတင်း။ ကျိုက်ထီးရိုးစေတီ ပတ်ဝန်းကျင်က တဲခိုခန်းတွေ ဈေးဆိုင်တွေ မီးလောင်တဲ့သတင်း။ ဒီလိုဖြစ်တာဟာ အဲဒီစေတီပွဲတွေမှာ မကောင်းမှုတွေ များလွန်းလို့,လို့ ပြောကြတယ်။ ဟုတ်,မဟုတ်တော့ မသိဘူး။ ဘုရားပွဲတွေမှာ ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတော့ မကောင်းဘူးကွ။ ငါ ဗမာပြည် အလည်ပြန်ရောက်တုန်းက ပုဂံကို ဘုရားဖူး (စေတီတွေကို လှည့်လည်ကြည့်ဖို့) သွားခဲ့တယ်။ အာနန္ဒာစေတီပွဲ (အာနန္ဒာဘုရားပွဲ) ကျင်းပပြီးစီးတာနဲ့ ကြုံလို့ ငါ အတော် စိတ်ပျက်သွားတယ်ကွ။

မေး။     ။ ဘာဖြစ်လို့လဲ ဘုရာ့။

ဖြေ။     ။ ဘာဖြစ်ရမလဲ ဒကာလေးရ။ ဘုရားဘေး ပတ်ဝန်းကျင်မှာ ဈေးဆိုင်တွေက စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေ၊ ပွဲတော်လာသူတွေ မဆင်မခြင် စွန့်ပစ်ထားတဲ့ သေးကွက် ချေး(ချီး)ကွက် အညစ်အကြေးတွေက စေတီဘေးပတ်လည်မှာ ပြည့်နှက်နေလို့ပဲကွ။ ခေတ်စကားနဲ့ ပြောရရင် စေတီတော်ရောက်အောင် သိုင်းကွက်နင်းသွားခဲ့ရတယ်။

စေတီပူဇော်ပွဲ (ဘုရားပွဲ) ကျင်းပတဲ့အခါ ကုသိုလ်ရသူတွေ ရှိသလို အကုသိုလ်ရသူတွေလည်း ရှိတယ် ဒကာလေးရ။ ကုသိုလ်ရသူတွေကတော့ ဘုရားပွဲကို အကြောင်းပြုပြီး စီစဉ်ဆောင်ရွက်သူ၊ အခကြေးငွေ မယူဘဲ ချက်ပြုတ် ကြော်လှော်ပေးကြသူ၊ တဲ စားပွဲ ကုလားထိုင် တည်ခင်းပေးသူ၊ ကားရပ်နားဖို့ စီစဉ်ပေးသူ၊ အမှိုက်စသည်ကို လိုက်လံ စုဆောင်းပြီး နေရာတကျ ထားသူ၊ သံဃာတော်တွေနဲ့ လူတွေကို ကျွေးမွေး လှူဒါန်းသူ စသူတွေပေါ့ကွာ။

မေး။     ။ ဘယ်သူတွေက အကုသိုလ် ယူသလဲ ဘုရာ့၊ ကျောင်းကန်ဘုရားသွားတာ ကုသိုလ်ပဲ ရမှာပေါ့။

ဖြေ။     ။ အေး ... ကုသိုလ်ယူတတ်ရင် ကုသိုလ်ရတာပေါ့။ အကုသိုလ်ယူသူတွေကတော့ စေတနာ ထက်ထက်သန်သန်နဲ့ အဆင်သင့် စားသောက်ခွင့်ရအောင် ဆောင်ရွက်ပေးထားတဲ့ အစားအသောက်တွေကို စားသောက်ပြီး၊ ကိုယ်ထည့်ယူ စားသောက် အသုံးပြုတဲ့ တစ်ခါသုံး ပန်းကန် ဇွန်း ခရင်း သောက်ရေခွက် စက္ကူလက်သုတ်ပုဝါ စတာတွေကို အမှိုက်ပုံးထဲ ရောက်အောင် မထည့်ဘဲ သစ်ပင်ခြေရင်း စတဲ့ ချောင်ကြိုချောင်ကြား ထားချင်တဲ့ နေရာမှာ ထားခဲ့သူတွေပေါ့။ တခါတရံ ဘုရားပွဲ ကျောင်းပွဲပြီးရင် ငါကိုယ်တိုင် အမှိုက်လိုက်ကောက်ရသကွ။

လုပ်အားပေးတွေအနေနဲ့ စေတနာအရ အပင်ပန်းခံ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေတာကို အခကြေးငွေယူပြီး လုပ်နေသူတွေလို့ ထင်ပြီး ဒီလိုလုပ်တာလား မသိဘူး။ ငါတော့ အံ့သြသကွ။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အတော်လေး စည်းမရှိ ကမ်းမရှိတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ နေကြရတဲ့ မြန်မာတွေက ဘယ်လို သန့်ရှင်းအောင် နေရမယ်၊ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာဟာ အမြင်မကျယ်လို့ ဆိုပြီး နားလည် ခွင့်လွှတ်နိုင်တယ်။ အမေရိကားရောက်လာတဲ့ ဒို့မြန်မာအချို့ အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတာကို မသိတာတော့ မဖြစ်နိုင်ဘူး။ စည်းမဲ့ကမ်းမဲ့ နေထိုင်တဲ့ အလေ့စရိုက်ကို မပြင်တာ၊ အဆင့်အတန်း မြင့်မြင့် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို မသိတာဘဲ ဖြစ်နိုင်တယ်။
အမေရိကားမှာ နေကြသူတွေဆိုတော့ တခါတရံ McDonald's, KFC စတဲ့ Fast Food store ဆိုင်တွေကို သွားပြီး စားသောက်ဖူးကြမှာပါ။ အဲဒီအခါမှာ သူတို့စားပြီး စားကြွင်းစားကျန် အမှိုက်တွေကို ထားချင်သလို ထားသွားရဲမယ် မထင်ဘူး။ စားပြီး ဖြစ်ပေါ်လာတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပေးထားခဲ့ရမှာပါ။ စားတဲ့အခါ အသုံးပြုတဲ့ ဗန်းကိုလည်း နေရာတကျ ပြန်ထားပေးခဲ့ရမှာပါ။
အဲ ... ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်ကျမှ ဒီလို ကိုယ့်အမှိုက် အညစ်အကြေးကို ကိုယ်တာဝန်ယူပြီး မသန့်ရှင်းခဲ့တာကို ဘယ်လိုပြောရမယ် မသိဘူး။ တကယ်သာ လာတဲ့သူတိုင်း ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူပြီး စနစ်တကျ ပုံးထဲ ထည့်ခဲ့ရင် လုပ်အားပေးသူတွေလည်း တာဝန်ပေါ့ပြီး စိတ်ချမ်းချမ်းသာသာနဲ့ သက်သက်သာသာ ဆောင်ရွက်နိုင်တာပေါ့။ ကိုယ်လည်းပဲ အကုသိုလ်မဖြစ်ဘူးပေါ့။ ဒီလို မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ရင်တော့ အကုသိုလ် လာယူတာပဲလို့ ပြောရမလို ဖြစ်နေပြီ။

အပြင်ဘုရားက ရင်ထဲကြွ

မေး။     ။ အရှင်ဘုရား ... တချို့ဆရာတော်တွေက “ရင်ထဲမှာ ဘုရားတည်ပါ”လို့ ဆိုဆုံးမကြတယ်။ ဘာကိုပြောတာလဲ ဘုရား။

ဖြေ။     ။ “ရင်ထဲမှာ ဘုရားတည်ပါ”ဆိုတာ မင်းတို့ရဲ့ စိတ်နှလုံး (ရင်)ထဲမှာ ဗုဒ္ဓ(ဘုရား)ရဲ့ ဂုဏ်ကို သိရှိ ယုံကြည်၊ ကြည်ညိုပြီး ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ဖို့ ပြောတာပါ။

မေး။     ။ ဒီလိုဆို အပြင်မှာ ဘုရား(စေတီ)တည်တာ မကြိုက်လို့ ပြောတာလား။

ဖြေ။     ။ အေး ... စေတီ မရှိသေးတဲ့နေရာမှာ စေတီတည်တာကိုတော့ အဲဒီဆရာတော်တွေက ဘာမှ ပြောလိုဟန် မရှိဘူး ထင်တယ်။ စေတီရှိပြီးသား နေရာတွေမှာ မလိုအပ်ဘဲ စေတီတွေ ထပ်ထပ်ပြီး တည်နေတာကို သဘောမကျလို့ ပြောတာ ဖြစ်နိုင်ပါတယ်။ တစ်မြို့ တစ်ရွာမှာ ခန့်ခန့်ထည်ထည် ကြည်ညိုစဖွယ်ဖြစ်တဲ့ စေတီတစ်ဆူ ရှိတယ်ဆိုရင် အချိန်ကုန် ငွေကုန် နေရာကုန် ခံပြီး နောက်ထပ် ဘုရားတည်မယ့်အစား ကိုယ့်ရင်ထဲမှာ စိတ်နှလုံးထဲမှာ ဘုရားရဲ့ တရားတော်တွေကို သိရှိ နားလည်ပြီး ကျင့်သုံးတာက ပိုပြီး အရေးကြီးတာကို ပြောချင်လို့ ဖြစ်မှာပါ။

စေတီ မရှိသေးတဲ့ နေရာမှာတော့ စေတီတည်သင့်ပါတယ်။ အကျိုးရှိတန်သလောက်လည်း အကျိုးရှိပါတယ်။ ဥပမာ - နယူးဂျာစီမှာ စေတီတည်ထားတော့ စေတီကို မြင်တဲ့အခါ နိုင်ငံခြားသားတွေ လာလာကြည့်ကြတယ်။ တချို့လည်း ဗုဒ္ဓဘာသာတွေဖြစ်ပြီး တချို့လည်း စေတီကို မမြင်ဖူးလို့ အထူးအဆန်း လုပ်ပြီး လာကြည့်သူတွေ ဖြစ်တယ်။

ဘုရားကို လာကြည့်သူတွေ ဗဟုသုတရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ပွားဆင်းတုတွေရှေ့မှာ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးထိုးထားတယ်။ စိတ်ဝင်တစား ဖတ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဝင်ရုပ်စုံကို ဓာတ်ပုံရော စာပါ ကျောက်ပြားမှာ ရေးသားပြီး စေတီပလ္လင်ဘေးမှာ ကပ်ထားဖို့ စိတ်ကူးနေတယ်။ ဖြစ် မဖြစ်တော့ မသိဘူး။

ဒီလို ရေးထိုးထားရင် လာရောက်လေ့လာသူတွေအနေနဲ့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်နဲ့ ဆိုဆုံးမချက်တွေကို လေ့လာခွင့် ရကြမှာပေါ့။ လေ့လာရင်း အသိတရားတစ်ချက် ဝင်သွားမယ်ဆိုရင် ဘုရားတည်ရကျိုး နပ်တယ်လို့ ဆိုရမှာပေါ့။ စေတီကို လာရောက် ကြည့်သူတွေထဲက တချို့တလေ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားမယ်ဆိုရင် စေတီတည်တာဟာ သာသနာပြုလုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ပြောရမှာပေါ့။
တစ်နေ့ စာတိုက်ပုံးထဲ စာသွားကောက်ယူတုန်း ဗြုန်းဆို ကားတစ်စီး ထိုးရပ်ပြီး ဒါဘာလဲလို့ စေတီကို လက်ညှိုးထိုး မေးတယ်။
ဒါ ... ဗုဒ္ဓဘာသာစေတီလို့ ပြောတော့ အော ... ဒါ ဗုဒ္ဓဘာသာစေတီလား .. ငါ ထိုင်းနဲ့ ဗီယက်နမ် သွားလည်တုန်းက ဒါမျိုးတွေ့ခဲ့ဖူးတယ်။ ငါ လာလည်လို့ ရမလား ... စသည် မေးရင်းနဲ့ သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျောင်းကို လာနေတဲ့ အမေရိကန်ဒကာတစ်ယောက် ရှိတယ်။ သူ့အိမ်က ကျောင်းနဲ့ သိပ်မဝေးတော့ ကျောင်းအတွက် အကူအညီ အများကြီး ရတယ်။ တလောက ငါးရက်ကြာ ဒုလ္လဘရဟန်းဝတ်နဲ့ နေသွားသေးတယ်။

နောက်ပြီး စေတီ(ဘုရား)ကို မြင်ပြီး ကျောင်းကို လာရောက် တရားအားထုတ်သူတွေလည်း ရှိတယ်။ အဲဒီအထဲက ဂျူးဒကာကြီးတစ်ယောက်ဆို လွန်ခဲ့တဲ့ လေးနှစ်က ထီ(သုံးသန်း)ပေါက်တာ ဒေါ်လာတစ်သောင်း လှူတယ်။ နှစ်စဉ်လည်း လှူနေတာ ခုဆို ဒေါ်လာနှစ်သောင်းနှစ်ထောင် ရှိသွားပြီ။ နောက်နှစ်တွေလည်း ဆက်လှူနေဦးမှာပဲ။ သူလည်း ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ နောက်ထပ် ဂျူးဒကာကြီးတစ်ယောက် ရှိသေးတယ်။ သူကတော့ ကျောင်းကို တစ်ပတ်တစ်ခါ လာတရားအားထုတ်ပြီး လစဉ် ဒေါ်လာတစ်ရာ လှူတယ်။ သူလည်းပဲ ဒုလ္လဘရဟန်း ဝတ်ဖူးတယ်။ ခုတော့ ဆုံးသွားပါပြီ။ ကဲ ... ထားတော့။ ဒါတွေဟာ စေတီ(ဘုရား) မရှိသေးတဲ့ နေရာမှာ စေတီ(ဘုရား) တည်ရခြင်း အကျိုးတွေပေါ့။

မှန်ပါ .. အရှင်ဘုရား။ အပြင်မှာ တည်တဲ့ စေတီ(ဘုရား)ကနေတဆင့် သူတို့ရင်မှာ သာသနာ ငြိတွယ်စေတဲ့ သာသနာပြုခြင်းပဲဆိုတာ တပည့်တော် နားလည် သဘောပေါက်ပါပြီ ဘုရား။

သာဓု ... သာဓု ... သာဓု။


အရှင်ပညာသီဟ
မေလ ၃၁၊ ၂၀၁၀
Credit: http://lokachantha.blogspot.com/2010/06/blog-post.html


မလေးကျွန်းဆွယ်သည်လည်း ရှေးခေတ်က သုဝဏ္ဏဘူမိဟုခေါ်သော ဒေသ၌ ပါဝင်ကြောင်း အချို့ပညာရှင်တို့က ယူဆကြသည်။ ထိုအယူအဆအရဆိုသော် တတိယသံဂါယနာအပြီး သာသနာပြု စေလွှတ်ခဲ့သော ဒေသများတွင် ပါဝင်သောကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်နှစ်ပေါင်း (၂၅၀)ခန့်တွင် ထိုဒေသသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။ သို့သော် ခိုင်လုံသော အထောက်အထားကား မရှိချေ။ ထိုဒေသကို သုဝဏ္ဏဒီပ ဟုလည်း ခေါ်ဆိုကြသည်။

ခိုင်လုံသော အထောက်အထားအရမူ ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုသုံး အိန္ဒိယအက္ခရာဖြင့် ရေးထိုးထားသော သက္ကတဘာသာကျောက်စာတို့ကို မလေးကျွန်းဆွယ်အနှံ့အပြား၌ တွေ့ရှိရသည်။ ထိုကျောက်စာတို့၌ ရေးထိုးထားသောစာများမှာ မဟာယာနမဇ္ဈိမိကဂိုဏ်း၏ အတွေးအခေါ်များဖြစ်ကြောင်း လေ့လာတွေ့ရှိ ကြရသည်။ ထို့ကြောင့် ခရစ်နှစ် ၅-ရာစုလောက်ကပင် မလေးကျွန်းဆွယ်၌ မဟာယာနဗုဒ္ဓဘာသာ ရောက်ရှိနေပြီဟု ယူဆရသည်။

ခရစ်နှစ် ၇-ရာစု၌ ဆူမတြာကျွန်းတွင် သီရိဝိဇယနိုင်ငံသည် တန်ခိုးကြီးသော ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သည်။ မလေးကျွန်းဆွယ်ကိုပါ အုပ်စိုးခဲ့သည်။ ၇-ရာစု ကုန်ခါနီး၌ သီရိဝိဇယနိုင်ငံသို့ရောက်ခဲ့သော တရုတ်ခရီးသည် ရဟန်းတော် အီကျင်က ထိုနိုင်ငံ၌ ဗုဒ္ဓသာသနာ လွန်စွာထွန်းကား၍ အနီပတ်ဝန်းကျင်နိုင်ငံများ သို့လည်း ဖြန့်ဖြူးပေးနေကြောင်း သီရိဝိဇယ၌ သဗ္ဗတ္ထိဝါ၏ ထွန်းကားနေပြီး မဟာယာနလည်း အနည်းငယ်ရှိကြောင်း မှတ်တမ်းတင်ထားလေသည်။

ခရစ်နှစ် ၈-ရာစု၌မူ သီရိဝိဇယနိုင်ငံကို အုပ်ချုပ်သော သေလေန္ဒြဘုရင်များသည် အိန္ဒိယပြည်မှ တန္တရဗုဒ္ဓဘာသာ ဗဟိုဌာနဖြစ်သော နာလန္ဒတက္ကသိုလ်နှင့်လည်းကောင်း၊ တန္တရ ဗုဒ္ဓဘာသာဝင် ပါလမင်းတို့၏ ၀ိက္ကမသီလ၊ သြဒန္တပုရိ၊ ဂျဂဒ္ဒလတက္ကသိုလ်တို့နှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံမူရှိခဲ့ကြသည်။ ပစ္စည်းလေးပါး ထောက်ပံ့မူများပင် ရှိခဲ့သည်။ ထို့ကြောင့် သီရိဝိဇယနိုင်ငံအတွင်း၌ ပါဝင်သော မလေးကျွန်းဆွယ်၊ ဆူမတြာ၊ ဂျားဗား ကျွန်းများသို့လည်း မဟာယာနတန္တရ ဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။

ခရစ်နှစ် ၁၆-ရာစုတွင် မူဆလင် စူလတန်ဘုရင်တို့က သီရိဝိဇယနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ထိုနိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သော မလေးကျွန်းဆွယ်သည်လည်း မူဆလင်တို့လက်အောက်သို့ ကျရောက်သွားသည်။ ထိုအချိန်မှစ၍ မလေးကျွန်းဆွယ်၌ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။

မျက်မှောက်ခေတ်တွင်မူ မဟာယာန ဗုဒ္ဓဘာသာဝင် တရုတ်နွယ်ဖွားများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့၏ အားထုတ်မူကြောင့် မလေးရှားနိုင်ငံ၌ တစ်စတစ်စ ဗုဒ္ဓဘာသာ သက်ဝင်လူပ်ရှားလာနေပြီ ဖြစ်သည်။

အထူးအားဖြင့် ပီနန်ကျွန်း၌ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများရှိနေပြီ ဖြစ်ပေသည်။ တည်ရှိရုံမျှမက ပို၍ အံသြဖွယ်၊ မြန်မာတို့ဂုဏ်ယူဖွယ်ကောင်းသည်မှာ ပီနန်ကျွန်းရှိ ဓမ္မိကာရာမ မြန်မာသာသနာပြု ကျောင်းတိုက်ကြီးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ် (၂၀၀)နီးပါး (ခရစ် ၁၈၀၃-ခုနှစ်) ကပင် မြန်မာဘုန်းတော်ကြိး ၆-ဆက်တို့ လက်ဆင့်ကမ်း သာသနာပြုခဲ့ရာ ယခုအခါ မြန်မာဘုန်းတော်ကြီး (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီး ဦးပညာဝံသ၏ ညွှန်ကြားချက်အရ (အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) ဆရာတော်အရှင်သုမနာစာရ သာသနာပြုလျက်ရှိသည်။ ထေရ၀ါ၏နှင့် မြန်မာယဉ်ကျေးမူအတွက် ကမ္ဘာလှည့်ခရီးသည်တို့၏ လေ့လာရာဌာနကြီးတစ်ခု အဖြစ်လည်း တည်ရှိနေပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday, June 4, 2012

(¯`•¸•´¯) ဘုရားဂုဏ်တော် (၉)ပါး (¯`•¸•´¯)

(၁) အရဟံ

(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။

(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။

(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။

(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။

(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)

(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။

(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

Sunday, February 20, 2011

ဗုဒွလမ်းညွှန်ခဲ့သောဝေဖန်ပိုင်းခြား၊စဉ်းစား ဆင်ခြင်စကားဆိုခြင်း

ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာတွေမှာ သူတို့ကျောင်းရဲ့ သင်ရိုး အဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်း ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။
‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစားတွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်း ဖြစ်ကြောင်း ဆရာ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။
"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့် လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။ ’(မောက္ခပညာရေး မဂ္ဂဇင်း)
ဒီအဆိုကို ဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။
မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာ မှာလည်း သုဘာသိသာစ ယာဝါစာ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရား ဖြစ်တယ်လို့ ဟောကြား ခဲ့ပါတယ်။
ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။ ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့  ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက်ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။
ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။
၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅)မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။
နံပတ်(၁)အမျိုးအစားကတော့ ပြည့်စုံတဲ့စကားအမျိုးအစားပါ။
နံပတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့ နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကားမျိုးဖြစ်လိမ့်မယ် ထင်ပါတယ်။
နံပတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့ ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာရှိပေမဲ့ အကျိုးမရှိပါဘူး။
နံပတ်(၄)က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါ လိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။
နံပတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာလှိုင်းထဲ မြောပါ သွား တတ်ပါတယ်။
နံပတ်(၆)ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုးကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။
မှန်လည်းမှန်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောသင့်ပါတယ်တဲ့။
စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ် ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကို အခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။
ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိကြောင်းပါ။

Saturday, February 19, 2011

ရေစက်ချအမျှဝေခြင်းနင့်ပတ်သက်၍ဓမ္မအမေးအဖြေ

မေး။    ။ အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ဖြေ။   ။ ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌

၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤ၀တ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထ၀ီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။

................................*******................................

ပဋိပတ္တိ၊ ပရိယတ္တိ အလုပ်များ မနေမနား ပွားများအားထုပ်၍ ဝိပဿနာ တရားစခန်းများကို ဒေသအသီးသီးနှင့် ပြည်တွင်းပြည်ပ နိုင်ငံများသို့ လှည့်လည်ဟောပြလျက် ရှိတော်မူသော ကျေးဇူးတော်ရှင် ပုညာရာမဆရာတော် အရှင်ပုညာနန္ဒသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂရာတွင် ဘဝနတ်ထံပျံတော်မူသွားကြောင်း ဝမ်းနည်းဖွယ်ရာ သတင်းရရှိပါသည်။

ဆရာတော်၏ ဝိပဿနာ အလုပ်ပေးတရားများကို အင်တာနက်စာမျက်နှာ အရှင်ပုညာနန္ဒ (ပုညာရာမကျောင်းတိုက်) တွင် ကြည်ညိုနာယူနိုင်ပါကြောင်း။

ဆရာတော်၏ဆိုဒ်မှ ဓမ္မရေးရာ အမေးအဖြေ တစ်ချို့ကို ကောက်နှုတ်ဖော်ပြပေးခြင်းပါ ။ နောက်ထပ် ဓမ္မစာမျက်နှာများ နှင့် ဓမ္မရေးရာဘလော့များ ကိုလည်း စုံလင်စွာ စုစည်းပေးထားပါတယ်။ ဓမ္မမိတ်ဆွေများ ဓမ္မဒါန အလှူတရားတော်များ ဖြန့်ဝေပေးခြင်းဖြင့် သာသနာ့အလင်း ထာဝစဉ် ထွန်းလင်းတောက်ပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Friday, February 18, 2011

အသိနှင့်သတိလွတ်သူ

သူတပါး၏ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲကို လူအများ သိလွယ် မြင်လွယ် ထင်လွယ်ကြပါသည်။

သို့သော်-မိမိသည်ပင် ယခုကတည်းက အိုနေသည် နာနေသည် သေနေသည်ဟု မဆင်ခြင်မိပါ၊ သတိမေ့လျော့နေဆဲ ဖြစ်ပါသည်။
ထို့ကြောင့်- ယခု ငါမအိုသေး ငါမနာသေး ငါမသေသေးဟု ယူဆထားပြီး နောက်မှ အိုမည် နာမည် သေမည်ဟု ထင်နေမိပါသည်။ ထိုသူများ သတိနှင့် အသိလွတ်နေကြပါသည်။
Related Posts Plugin for WordPress, Blogger...