လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ဆရာကြိးပါရဂူ“ဘဝမှတ်တိုင်”စာအုပ်ကောက်နုတ်ချက်. Show all posts
Showing posts with label ဆရာကြိးပါရဂူ“ဘဝမှတ်တိုင်”စာအုပ်ကောက်နုတ်ချက်. Show all posts

Sunday, February 20, 2011

ပညာရေးနှင့်အချစ်စစ်၊အချစ်မှန်

လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။

ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။

ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။

အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။

ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။

ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။

အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
Related Posts Plugin for WordPress, Blogger...