လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Wednesday, November 14, 2012

ပရဟိတ

ကျနော်တို့တတွေ .. လက်ရှိ ပတ်ဝန်းကျင် လူငယ်တွေ နယ်ပယ်မှာ .၊ အင်တာနက် နယ်ပယ်မှာ .. ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ သတင်းတွေ မကြာခဏဆိုသလို ကြားဖူးကြမှာပါ .. ။ အဲ့ဒီလုပ်ရပ်တွေဟာ ကောင်းသော လုပ်ရပ်တွေပါ .. ကျနော့်အနေနဲ့ အားပေးပါတယ် ဝမ်းမြောက်ပါတယ် ။ နောက်ပြီး လူတိုင်းပြုမူလုပ်ဆောင်နေကြတဲ့ ကုသိုလ် ကောင်းမှုတိုင်းကိုလည်း . သာဓု သုံးကြိမ်ခေါ်ပါတယ် ။ ကျနော် ပြုမူလိုက်တဲ့ ကောင်းမှုတွေကိုလည်း ပြန်မျှပါတယ် ။

ယခု ဒီပိုစ့်မှာ ကျနော်ပြောချင်သော ပရဟိတ .. ဆိုတဲ့ အလုပ်ကို ကျနော်တို့ တတွေ သေချာလေးတွေးကြည့်စေချင်ပါတယ် . ။ သူ့ရဲ့ အနက်မှာ ပရ ဆိုတဲ့ စကားလုံးက တခြားသူ ၊ တပါးသူ လို့ အဓိပ္ပါယ်သက်ရောက်ပြီး ဟိတ ဆိုတဲ့ စကားလုံးကတော့ အကျိုးစီးပွားလို့ လွယ်လွယ် သိထားစေချင်ပါတယ် ။ ဒီစကားလုံးနှစ်လုံး ပေါင်းလိုက်ရင် သူတပါး အကျိုးဖြစ်ထွန်းစေတာကို လုပ်ပေးခြင်းလို့ နားလည်မိပါတယ် ။ သူတပါး အတွက် အဆင်ပြေရာပြေကြောင်း ကိုယ့်ဘို့မကြည့်ပဲ ဆက်ဆံပေးခြင်း လုပ်ပေးခြင်း ပြုမူခြင်းတွေ အားလုံးဟာ ပရဟိတ လုပ်ရပ်လို့ ကျနော် ဆိုချင်မိပါတယ် …။

ခုခေတ်မှာ .. ပရဟိတ ဆိုပြီး အဖွဲ့အစည်းတွေ ရှိကြပါတယ် ။ ဥပမာ နာမည်ကြီးလူသိများတာကတော့ ဦးကျော်သူ ဦးဆောင်တဲ့ .. နာရေးကူညီမှု အသင်း ပရဟိတ အဖွဲကို မြင်နိုင်ပါတယ် .။ ပရဟိတ လုပ်ငန်းတွေဟာ သူတပါး အတွက် အဆင်ပြေပြေလေးဖြစ်အောင် လုပ်ပေးတဲ့ ကုသိုလ်အလုပ်တွေပါပဲ ..။ အဲ့ဒီလို ကြီးကြီးမားမား အကျိုးဆောင်တာတွေရှိသလို .. အနည်းငယ် လုပ်ရပ်တွေလည်း ရှိကြပါတယ် ..။ ပရဟိတ လုပ်ရပ်ဟာ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ပရဟိတက ပရဟိတပါပဲ .. ။ ဒီတော့ သေးသေးမွှားမွှား ပရဟိတလေးတွေကို ကျနော်တို့ သတိထားပြီး လုပ်တတ်ဖို့လိုပါလိမ့်မယ် …။

ပရဟိတ လုပ်ငန်းကြီးတွေမှာ ဝင်လုပ်နိုင်ဖို .. ကျနော်တို့ အချိန်သီးခြားပေးရပါမယ် ..။ ပြီး တကူးတက လုပ်ရတာမျိုးတွေလည်း ရှိပါမယ် .။ ကျနော်တို့ အများစု ဟာ ဝမ်းရေး နေရေး  တွေနဲ့ မကင်းကြတာမို့ ပရဟိတ လုပ်ငန်းတွေထဲ  အားသွန်ခွန်စိုက် မပါဝင်နိုင်ကြပါဘူး ။ ဒီလုပ်ငန်းတွေကိုတော့ ကောင်းမွန်ခြင်းတွေမှန်း  သိကြပြီး  စိတ်ရောကိုယ်ပါ မဝင်ရောက်နိုင်တာ ၊ အကျိုးမဆောင်နိုင်တာမျိုးတွေ ရှိကြမှာပါ ။ အဲ့လို သူတွေဟာ လုပ်နိုင်သူတွေကို အားပေးခြင်း အလှူငွေထည့်ခြင်း စတဲ့ တတ်အားသ၍ ပါဝင်ကြပါတယ် ။ ဒါလည်း ကောင်းခြင်းပါ .. ။ သို့သော် သူတို့ ပရဟိတ သက်သက်ကို လုပ်ဖို့ မတတ်နိုင်ကြပါဘူး ။

ခုလောလောဆယ် ကျနော်တို့ အားလုံးဟာ အလုပ်တာဝန်တွေနဲ့ နေ့စဉ် လူတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်း  နိစ္စဓူဝ ဖြတ်သန်းနေကြရပါတယ် ။ ဒီလို ဖြတ်သန်းနေခိုက် .. လူတွေနဲ့ အနည်းအများ ဆက်ဆံ ပြောဆိုကြရပါတယ် ။ အဆင်ပြေတာလည်း ရှိသလို အဆင်မပြေကြတာမျိုးလည်းရှိကြပါတယ် ။ ဖြစ်ပြီးတာတွေ ဘယ်လိုပဲ ရှိပါစေပါ .. လက်ရှိအချိန်ကနေစပြီး ကိုယ်နဲ့ ဆက်သွယ်စကားပြောနေတဲ့ သူတွေအပေါ်မှာ .. မေတ္တာတရား သို့မဟုတ် ပရဟိတ စိတ်ကလေးကို ထားကြည့်စေချင်ပါတယ် ။ ဥပမာ အရောင်းဈေးသည် တစ်ယောက်ဆိုပါစို့ .. သူ့ရဲ့ ဖောက်သည်အပေါ်မှာ စေတနာ စိတ်အပြည့်နဲ့ ဆက်ဆံပေးမယ်ဆိုရင် .. အဲ့ဒီလုပ်ရပ်ဟာ ပရဟိတ လုပ်ရပ်ပါပဲ ..။ အဲ့ဒီ ပရဟိတ လုပ်ရပ်ကို လုပ်နေစဉ် ကျနော်တို့ လက်ရှိအလုပ်လည်း အနှောက်အယှက် မဖြစ်သလို သီးသန့်လည်း အချိန်မပေးရပါဘူး ..။ ပရဟိတ စိတ်နဲ့ ပြုမူလိုက်ခြင်းဟာ တဖက်သူမှာလည်း ကျေနပ်သလို ကိုယ့်မှာလည်း ကျေနပ်မှု ဖြစ်စေပါတယ် ။

နေရာတိုင်း ၊ ဌာနတိုင်း ၊ ကုမ္မဏီတိုင်းမှာ   လူလူချင်း ဆက်ဆံရတာဟာ အဓိက လုပ်ရပ်ပါပဲ  ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် .. ဘယ်လိုအခြေအနေပဲ ရှိရှိ .. တဖက်သားအပေါ်မှာ ပရဟိတ စိတ်ကလေးနဲ့ လုပ်နေပေးရင် .. ထိုလူဟာ မြှားတစ်စင်းနဲ့ ငှက်ပေါင်းများစွာကို ပစ်နိုင်သူလို ဖြစ်နေပါလိမ့်မယ် .. ။ ဘာလို့လဲဆိုရင် လူတွေရဲ့ စိတ်တွေဟာ ခံစားချက်နဲ့ တွဲစပ်ပြီး ကူးစက်နိုင်တဲ့ သဘောကြောင့်ပါပဲ ..။ လူတစ်ယောက်ဟာ .. တခြားသူတစ်ယောက်ကို မောက်မောက်မာမာ ဆက်ဆံလိုက်ပြီဆိုရင် .. ထိုတခြားလူက ပြုံးပြမနေပဲ .. ထိုလူလို ပြုမူဆက်ဆံလာပါလိမ့်မယ် .. ဒါဟာ သဘာဝပါပဲ ။ ထိုသို့ မဟုတ်ပဲ ချိုသာသောစကား နားလည်တတ်သော အမြင်နဲ့ .. ပြုမူပါက တဖက်သားဟာလည်း ထိုစေတနာဓါတ်တွေ ကူးကာ ညင်သာလာတာကို လက်တွေ့ဖြင့် သက်သေယူနိုင်ပါတယ် ။

နေရာတနေရာမှာ .. ကျနော့်ကို လူတစ်ယောက်က ချိုသာတဲ့စကား ကြင်နာတဲ့ အပြုံး နှစ်သက်လက်ခံမှုဖြင့် ဆက်ဆံတယ်ဆိုပါစို့ ကျနော်စိတ်က အလိုလို  ထိုလူကို ပြန်ပြီး နှစ်သက်ပေးမိပါမယ် ..။ နောက်ပြီး ဆက်လက် ကျနော်နဲ့ ထပ်တွေ့ရမဲ့သူများအား ထို နှစ်သက်မှုတွေဖြင့်သာ ဆက်ဆံရင်း ဆက်လက်ကူးသွားပါလိမ့်မယ် ..။ ကျနော့်လိုပဲ ကျနော်နဲ့ တွေ့လိုက်တဲ့ တခြားသူဟာ နောက်ထပ် တစ်ဦးတစ်ယောက်အပေါ်မှာ နှစ်သက်မှု နားလည်မှုတွေနဲ့ ပြုမူရင်း ကျယ်ပြန့်လာကာ  တဖြည်းဖြည်းနဲ့ ကျနော်တို့ လောကကြီးဟာ .. သာယာလာပါလိမ့်မယ် ။ ဒီတော့ .. ငွေလည်း မကုန် .၊ အချိန်လည်း ပိုမပေးရပဲ ..၊ အလုပ်လည်း မပျက်စေတဲ့ အဲ့ဒီ ဆက်ဆံရေး ပရဟိတ စိတ်ကလေးကို .. ကျနော်တို့ သတိထားပြီး ဆောင်ရွက် ပေးဖို့ လိုပါတယ် ..။ ဒါဟာ အများကိုမြင့်စေသလို ကိုယ့်ကိုယ်ကိုလည်း မြှင့်ရာရောက်တာမို့ .. ဒီစာဖတ်သူများ အဲ့ဒီ ပရဟိတ စိတ်ကလေးကို လက်ကိုင်ပြုပေးဖို့ လေးစားစွာ ပြောလိုပါတယ် .. ။

ထာဝစဉ်လန်းဆန်းပြီး .. တန်ဖိုးရှိတဲ့ လူ့ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ …လို့ ဆန္ဒပြုရင်း ..

Wednesday, August 8, 2012

တစ်ကယ်ချစ်လာတဲ့အခါမြင်နိုင်ရတဲ့အပြုအမှု(၉)ချက်

ကောင်လေး တစ်ယောက်က သင့်ကို တကယ်ချစ်လာတဲ့ အခါ ခုလို အပြုအမူ (၉)ချက်ကို လုပ်လာပါလိမ့်မယ်



၁၊ သင် ၀မ်းနည်းနေတဲ့အခါ...သူက မအေးချမ်းဘူး....
၂၊ သင် ၀မ်းသာတဲ့အခါ...သူက ပိုပြီး ၀မ်းသာတယ်...
၃၊ အမြဲလိုလို သင့်အတွက် လိုအပ်တာတွေ ၀ယ်လာပေးတတ်တယ်...သူ့အတွက်တောင် ဘယ်တော့မှ ၀ယ်သုံးလေ့မရှိဘူး..
၎၊ သင့်အလိုကို လိုက်လျောတတ်တယ်...
၅၊ သင့်ရဲ့ မိသားစုကို အရမ်း ဂရုစိုက်တယ်...
၆၊ တခါတလေ သူစိတ်ဆိုးပေမဲ့ သင်နဲ့ ရန်မဖြစ်ဘူး...စိတ်ဆိုးပြီးရင် အချိန်တန်ရင် ပြန်ခေါ်တယ်...
၇၊ သင့်ရဲ့ ခံစားချက်ကို အလေးထားတယ်....
၈၊ သူ့ရဲ့ အပေါင်းအသင်းတွေရှေ့မှာ သင်ကောင်းကြောင်း ကြွားလေ့ရှိတယ်...
၉၊ သင့်အပေါ်မှာ ၇ိုးသားတယ်...ဘယ်တော့မှ မလိမ်ဘူး...မလှည့်စားဘူး...
မိန်းကလေးတွေက သူ့ကို ရယ်မောစေနိုင်တဲ့ ယောက်ျားလေးကို မှတ်ထားတတ်သတဲ့။
ယောက်ျားလေးတွေက သူ့ကို ငိုစေနိုင်တဲ့ မိန်းကလေးကို မှတ်ထားတတ်သတဲ့။
ဒါပေမယ့် မိန်းကလေးတွေက သူ့ကိုငိုစေတဲ့ ယောက်ျားလေးနားမှာပဲ နေခဲ့တတ်ကြပြီး
ယောက်ျားလေးတွေက သူ့ကိုရယ်စေတဲ့ မိန်းကလေးနားမှာပဲ နေခဲ့တတ်ကြတယ်။

Sunday, July 22, 2012

ဘယ်သူ့မှာတာဝန်ရှိလဲ

စာဖတ်သူညီအကိုမောင်နှမများ ဒီပုံပြင်လေးကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေအတွက် ရည်မှန်း ဝေမျှလိုက်ပါတယ်။ ကျမ ရဲ့ all time favourite ပုံပြင်လေးပါ။
တစ်ခါက မြို့လေးနှစ်မြို့ရှိတယ်။ အဲဒီမြို့နှစ်မြို့အလယ်မှာ သွယ်ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိတယ်။ အဲဒီမြို့နှစ်မြို့နဲ့ မနီးမဝေးမှာ ထောင် တစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီထောင်ဟာ ထောင်သားတွေတွက် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေ ကိုပြင်ဆင်ပေးတယ်၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေရှိတယ်၊ စည်းစနစ်လည်းကျတယ်။
အဲဒီ မြစ်ရဲ့ တစ်ဘက်ခြမ်းက မြို့မှာတော “က”နဲ့ “ခ” အတူတူ နေကြတယ်။ “က”ဟာ အရမ်း အလုပ်ကြိုးစားတယ်။ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ “ခ” နဲ့ စကားစမြည်ပြောဖို့ သိပ်အချိန်မပေးတတ်ဘူး။
မိုးလင်းလို့ “က” အိမ်က ထွက်သွားတာနဲ့ “ခ”က ဇက်စီးပြီး မြစ်ကိုဖြတ်လို့ တစ်ဘက်ကမ်းက သူချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့ “၏” ဟာ တစ်နေ့လုံး အတူတူနေတယ်။ ညနေစောင်းလို့ “က” အိမ်ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့ “ခ”ဟာ ညစာကိုလည်း ဘယ်တော့မှ အတူစားလေ့မရှိဘူး။
အဲဒီမြို့လေးနှစ်မြို့ နဲ့ တစ်မိုင်လောက် ဝေးတဲ့မြစ်အထက်ဘက်မှာ တံတားတစ်ခုရှိတယ်၊ အဲဒီတံတားရဲ့အောက်မှာ အိမ်ခြေမဲ့တဲ့ သူတောင်းစားတစ်ယောက်က တံတားကို ဖြတ်သွားဖြတ်လာ လူတွေကို ငွေအမြဲတောင်းတတ်တယ်။ ငွေမပေးရင် ဖြတ်ခွင့်မပေးတဲ့ ပုံမျိုးနှောက်ယှက်တော့ လူတွေကလဲ နဲနဲပါးပါးစွန့်ကြဲကြတယ်။ မြစ်ထဲကဇက်ကလဲ တစ်နေ့လုံးမှာမှ နှစ်ခါထဲ ဆွဲတယ်။
တစ်နေ့တော့ “က”က အလုပ်ကိုတော်တော်နောက်ကျပြီးမှ သွားတော့ “က”ထွက်သွားတာနဲ့ “ခ” က ဇက်အမှီမြန်မြန် ပြေးးရတော့တာပေါ့။ “ခ”က အလျှင်လိုနေတာနဲ့ အင်္ကျီမှားဝတ်သွားတာ ဇက်ဆိပ်ရောက်မှ ဇက်ဖိုးက အသွားအတွက်ပဲ လုံလောက်တာ သိလိုက်တယ်။ “ခ” စိတ်ထဲမှာ ခပ်ပေါ့ပေါ့ပဲ ဘာလို့လဲဆိုတော့ အပြန်ခရီးစရိတ်ကို တစ်ယောက်ယောက်ဆီက ချေးလို့ရမယ်လို့ စဉ်းစားမိလို့ပဲ။
ဖြစ်ချင်တော့ အဲဒီနေ့မှာ “ခ” နဲ့ “၏”တို့အကြီးအကျယ် ရန်ဖြစ်ကြတယ်။ တစ်နေ့လုံး ငြင်းခုံနေကြတာ ညနေ “ခ”ပြန်ခါနီးမှ လမ်းစရိတ် မရှိတာသတိရတယ်။ “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့တယ်။ “ခ”လဲဇက်ဆိပ်ကိုသွားပြီး ဇက်မောင်းသမားကို အကူအညီတောင်းပေမယ့် အရာရာ စည်းမျဉ်းဘောင်ထဲကလုပ်တဲ့ ဒေသဆိုတော့ ပေါ်လစီနဲ့ မကိုက်ညီလို့ ဇက်သမားက အကူအညီ မပေးနိုင်ကြောင်း ပြောလိုက်တယ်။
ညနေကလဲ စောင်းလာပြီ။ “က”ကလဲ အိမ်ပြန်ရောက်တော့မယ်။ ထမင်းဟင်းတွေလဲ မချက်ရသေးတော့ စိတ်ပူပန်မှုတွေနဲ့ နောက်ဆုံး“ခ” ဟာ တံတားကလမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
ညရောက်တော့ “ခ” အိမ်ပြန်မရောက်လာလို့ “က”က လူပျောက်မှုနဲ့ ရဲကိုတိုင်တယ်။ နောက်တစ်နေ့မှာတော့ “ခ” ရဲ့ အလောင်းကို တံတားနားမှာ တွေ့လိုက်တယ်။ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးတော့ အိမ်ခြေမဲ့က သူသတ်တာပါလို့ ဖြောင့်ချက်ပေးလိုက်တယ်။
ပုံပြင်ကလေးကတော့ ဒါပါပဲ…
ဆက်မဖတ်ခင်မှာ .. “ခ” သေရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို .. စာဖတ်သူတို့ ခဏလေးတွေးကြည့်စေလိုပါတယ်။
♥●••..….••●♥
အဲဒီပုံပြင်ကလေးကို…
P300- SFU School of Criminology မှ ပရိုဂျက်တစ်ခုမှ အပိုင်းအစလေး တစ်ခုကို မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပြီး ကျမ ဘလောဂ်စရေးခါစက “ဘယ်သူ့မှာ တာဝန်ရှိလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပြီး ၀က်ဆိုက်ဒ်တွေ မှာ ကျမ တင်ခဲ့ဖူးပါတယ်။ စာဖတ်သူတွေဆီက အဖြေအမျိုးမျိုးကို ရခဲ့ပါတယ်။ အဖြေတွေဟာ အလွန်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေရဲ့ စိတ်နေသဘောထားဟာ သူတို့ရဲ့ အဖြေတွေမှာ မြင်နေရပါတယ်။ အဖြေဟာ ဘယ်ပေါ်မှာ မူတည်ပြီး ကွဲပြားသွားလဲဆိုတော့..
စာဖတ်သူတစ်ဦးချင်းရဲ့ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ စာဖတ်သူရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ပညာအရည်အချင်း စသည်တို့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားတာကို မြင်ရပါတယ်။
သမာရိုးကျ လူ့ပတ်ဝန်းကျင်တွေထဲမှာ မွေးဖွားကြီးပြင်းလာသူတွေတွက် ဒီပုံပြင်ကို ဘယ်လို သုံးသပ်သလဲဆိုရင်…..
“က” နဲ့ “ခ” လင်မယား ဖြစ်သွားတယ်။ အလုပ်သွားသူ/အလုပ်ကြိုးစားသူဆိုတာနဲ့ “က” ဟာ ယောင်္ကျား/ဦးဆောင်သူ နေရာမှာ ထားခံလိုက်ရပြီး ထမင်းချက်တယ်ဆိုတာနဲ့ “ခ” ဟာ မိန်းမနေရာကို ရောက်သွားခဲ့တယ်။ အဲဒီနေရာမှာ ယောင်္ကျားက အလုပ်ပဲလုပ်ပြီး ပစ်ပယ်သူနဲ့ မိန်းမဟာ အပစ်ပယ်ခံရလို့ ဖောက်ပြန်သူဖြစ်သွားတယ်။
ပြီးတော့ တံတားနားမှာ အလောင်းတွေ့တယ်ဆိုတာနဲ့ အိမ်ခြေမဲ့ဟာ သတ်သူဖြစ်သွားတယ်။
ပုံပြင်ကို အဲသလို သုံးသပ်ကြအပြီး… “ခ” သေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတဲ့ အမေးကို ဆက်စဉ်းစားကြတဲ့အခါမှာ.. များသော အားဖြင့်ရတဲ့ အဖြေတွေဟာ ..
- အိမ်ခြေမဲ့မှာ တာဝန်ရှိတယ်၊ အိမ်ခြေမဲ့ သတ်လိုက်တာ..
- မိန်းမလုပ်တဲ့ “ခ” ဟာ ယောက်ျားဖြစ်သူ “က” အလုပ်သွားနေတုန်း ဟိုဘက်ကမ်းက “၏” နဲ့ ဖောက်ပြန်နေတဲ့အတွက် သူကိုယ်တိုင်မှာ တာဝန်ရှိတယ်၊ သူ့အပြစ်သူခံသွားရတာ…
- ယောင်္ကျားလုပ်သူ “က” က “ခ” ဖောက်ပြန်နေမှန်းသိသွားလို့ မိန်းမလုပ်သူ “ခ” ကို သတ်လိုက်တာဖြစ်တဲ့အတွက် ယောင်္ကျားမှာ တာဝန်ရှိတယ်။
- “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့လို့ “ခ” က တံတားကဖြတ်ပြန်ရလို့ သေရတာ။ “၏” မှာတာဝန်ရှိတယ်။
- ဇက်သမားမှာ တာဝန်ရှိတယ်။ “ခ” လမ်းစရိတ်မပေးနိုင်လည်း ခေါ်သွားဖို့သင့်တယ်။ ဒီလောက် မကပ်သင့်ဘူး။
စတဲ့ သမာရိုးကျ အဖြေတွေကို တွေ့ရတတ်ပါတယ်။
အဲဒီမှာ စာဖတ်သူတွေဟာ… နဲနဲ ထပ်အတွေးနက်မယ်ဆိုရင် “က”နဲ့ “ခ” အတူတူ နေကြတယ်…. ဆိုတာနဲ့ လင်မယား ဖြစ်မသွားပါဘူး။
“က”နဲ့ “ခ” ဟာ… သားအမိဖြစ်နိုင်တယ်၊ ညီအစ်ကို၊ ညီအစ်မ မောင်နှမဖြစ်နိုင်တယ်၊ သူငယ်ချင်းဖြစ်နိုင်တယ်။
“က”နဲ့ “ခ” နှစ်ယောက်စလုံးဟာ မိန်းမတွေ (သားအမိ၊ ညီအစ်မ၊ သူငယ်ချင်း) ဖြစ်နိုင်သလို.. ယောင်္ကျားတွေ (သားအဖ၊ ညီအစ်ကို၊ သူငယ်ချင်းတွေ) ဖြစ်နိုင်တယ်။
“ခ” နဲ့ “၏” ဟာလည်း… ဒီလိုပဲ..
“ခ” ချစ်တဲ့ “၏” နဲ့ တစ်နေကုန် သွားနေတယ်…. ဆိုတာနဲ့ “ခ” နဲ့ “၏” ဟာ ချစ်သူတွေဖြစ်မသွားဘူး။ “ချစ်တဲ့” ဆိုတဲ့ စကားဟာ လေးနက်ပါတယ်။ အချစ် ဆိုတာ သူငယ်ချင်းကို ချစ်နိုင်တယ်၊ ကိုယ့်ဆရာသမားကို ချစ်နိုင်တယ်။ ဒါကြောင့် “၏” ဟာ “ခ” ရဲ့ ဆရာသမားဖြစ်နိုင်တယ်၊ “ခ” ဟာ “၏” ထံမှာ တစ်ခုခု သွားသင်နေတာဖြစ်နိုင်တယ်။ သူငယ်ချင်းတွေလည်း ဖြစ်နေနိုင်တယ်၊ အတူတူ လုပ်ငန်းတစ်ခုခု လုပ်နေတာလည်း ဖြစ်နိုင်တယ်။
နောက်.. အိမ်ခြေမဲ့။
သူသတ်တယ်လို့ ဆိုလိုက်တာနဲ့ အိမ်ခြေမဲ့ဟာ လူသတ်သမားဖြစ်မသွားပါဘူး။ တံတားအောက်မှာ ဖြစ်သလိုတောင်းယမ်းစားသောက်နေရတာထက် နွေးထွေးလုံခြုံပြီး စားကောင်းသောက်ဖွယ်တွေကောင်းတဲ့ ထောင်ထဲမှာ နေချင်မှာပဲ (ဒါတစ်ကယ်ကို ဟုတ်ပါတယ်၊ အထူးသဖြင့် ဒီမြို့တွေမှာ… ဆောင်းရာသီရောက်ပြီဆိုရင် အိမ်ခြေမဲ့တွေဟာ နွေးနွေးထွေးထွေးနေချင်လို့ အကြံအဖန် လုပ်တတ်ကြပါတယ်)
ကျမတို့ဘ၀မှာ “ခ” သေရတာဟာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတဲ့ မေးခွန်းမျိုး အမေးခံလာရတဲ့ အခါမှာ ဘယ်လိုဖြေကြမလဲ ဆိုတာလေးကို တွေးမိကြဖို့လိုပါတယ်။
အရာရာတိုင်းဟာ ကိုယ်ထင်မြင်ယူဆနေတာနဲ့ အများကြီး လွဲနေတတ်တယ်ဆိုတာရယ်.. သမာရိုးကျ ထုံးတမ်းစဉ်လာ ဓလေ့အယူအဆတွေ၊ ဘာသာရေးသွန်သင်ချက်တွေ ကနေ အနည်းငယ်ခွဲထွက် တွေးတတ်ဖို့ အကြောင်းလေးတစ်ခုကို ဝေမျှလိုပါတယ်ရှင်။
-နိုင်ငံရပ်ခြား/အနောက်နိုင်ငံမှာ နေသူတိုင်း ရုပ်ဝတ္ထုပြည့်စုံသော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လေ့ရှိတယ်။ (အထီးကျန်ဆန်နေကြရှာတယ်)
-နိုင်ငံခြားသားတွေဟာ မိဘတွေကို ပစ်ထားတယ်။ သားသမီးနဲ့ မိဘကြား အနေဝေးတယ်။
-ကမ္ဘာပေါ်မှာ “***” တိုင်းပြည်ဟာ အယဉ်ကျေးဆုံး တိုင်းပြည်ဖြစ်တယ်။
-နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေဟာ မြန်မာပြည်ကို မချစ်ဘူး၊ နိုင်ငံခြားရောက် မြန်မာမတိုင်း ဘီယာသောက်ပြီး .. ၀ိုင်ချိုချိုကို နှစ်သက်တယ်၊ လျှပ်ပေါ်လော်လီတယ်။
-အွန်လိုင်းတက်သူတိုင်းဟာ အပြင်လောကပတ်ဝန်းကျင်နဲ့ ဆက်သွယ်မှု မရှိ/နည်းပါး လို့ အွန်လိုင်းတက်နေကြခြင်းဖြစ်တယ် (ဒါမှမဟုတ်) အပြင်လောကမှာ အောင်မြင်မှု မရှိလို့/ ရာထူးရာခံ ကြီးကြီးမားမား မရှိလို့ အွန်လိုင်းတက်နေကြခြင်းဖြစ်တယ်။
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ဗုဒ္ဒဘာသာဝင်ဖြစ်ရမယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ခရစ်ယာန် ဘာသာဝင်ဖြစ်လိမ့်မယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် မွတ်စလင် ဘာသာဝင်ဖြစ်ရမယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ဟိန္ဒူ ဘာသာဝင်ဖြစ်လိမ့်မယ်။
-ဟော.. သူမကို လူတွေ ဒါမျိုးပြောနေကြလို့ ဒီပိုစ်ကို တင်တာထင်တယ်…။
အဲသလို…. သမာရိုးကျဆန်သော ဥပမာများမှ ကင်းဝေးနိုင်ကြပါစေ…. လို့ ;)
ချစ်ခင်စွာဖြင့်…
Disclaimer:
Adapted from one of the projects used in P300- SFU School of Criminology
မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပါသည်။
အတွေးအခေါ် ခံယူချက်တွေရဲ့ တာဝန်အရှိဆုံးသူဟာ တွေးခေါ်ခံယူနေသူ “သင်” သာလျှင် ဖြစ်ပါတယ်။
(အိမ့်ချမ်းမြေ့)
Related Posts Plugin for WordPress, Blogger...