ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ ရပ်
မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ ( ၅၈၈ ) က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါ သည်။
မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ( ၅၈၈ ) မှာ ဓမ္မ ရတနာ စတင်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ( ၅၈၈ ) မှာ သံဃရတနာ စတင်ပေါ်ပေါက်ခဲ့ပါ သည်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ် နဲ့ ၄၅ နှစ်နေပြီး ၊ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ( ၅၄၃ ) ခု မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါ သည်။
ဗုဒ္ဓအဖြစ်နှင့် ၄၅ နှစ် အတွင်းတွင် တာဝန်ကြီး ၂ ရပ် ကို တစ်နေ့လျှင် ၂၂ နာရီ ၂၀ မိနစ် ခန့်မျှ နေ့မအား ၊ ညမနား လူသားသတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး ၍ ထမ်းဆောင်တော်မူခဲ့ပါသည်။
ထိုတာဝန်ကြီး ၂ ရပ်မှာ
၁။ ဓမ္မကို ဟောပြောခြင်း ၊ ဖြေဆိုခြင်း
၂။ သံဃာ့အဖွဲ့အစည်း ကို ထူထောင်ခြင်း တို့ဖြစ်ပါသည်။
ထိုမြတ်ဗုဒ္ဓ ဟောပြောပြသည့် ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။
ဘုရားကို ကိုးကွယ်ရာဟှူု၍ ဆည်းကပ်ခြင်း ၊
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဆိုသော သရဏဂုံသုံးပါး ကို လက်ခံလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိ ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် လိုက်နာရမည့် စည်းကမ်း 5 မျိုး ရှိပါသည်။၎င်းတို့မှာ -
၁။ သက်ရှိလူသား တိရစ္ဆာန်တို့၏အသက် ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၊
၂။ သူတစ်ပါး ပစ္စည်းကို ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ် ရခြင်း ၊
၃။ ကာမဂုဏ် ဖောက်ပြန်မှု ၊ အိမ်ထောင်ရေး ဖောက်ပြန် မှုမှ ရှောင်ကြဉ်ရခြင်း
၎။ မဟုတ်မမှန် ပြောဆိုခြင်း မှရှောင်ကြဉ်ရခြင်း ၊
၅။ မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း မှ ရှောင်ကြဉ်ရခြင်း တို့ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ ချမှတ်ပေးသည့် ဤ စည်းကမ်း ငါးချက်ကိုကြည့်ခြင်းအားဖြင့် ၊ မြတ်ဗုဒ္ဓသည် လူသားတို့၏အသက် အိုးအိမ် စည်းစိမ် ချမ်းသာ လုံခြုံရေး ၊
အိမ်ထောင်ရေးသာယာစေရေး၊
ကမ္ဘာလောကကြီးတွင် သစ္စာတရားထွန်းကားစေရေး ၊
လူသားတို့၏ဥာဏ်ရည်အဆင့်အတန်း မီရေး စသော အရေးတို့ကို မျှော်တွေးကာ အထက်ပါစည်းကမ်း ငါးချက်ကို ချမှတ်ခဲ့ကြောင်း တွေ့နိုင်ပါသည်။
လူသားတို့သည် အပျော်ကြူးခြင်း ၊ အလိုရမက် ကြီးခြင်း၊ ကြောက်စိတ်များခြင်း ၊ တို့ကြောင့်မိမိတို့၏ဘ၀အတွက်အားကိုးရာ များကို စိတ်ကူးပုံဖော်ကာ ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးများကို စိတ်ကူးပုံဖော်ကာ ကိုးကွယ် လက်ခံနေသည်ကို မြတ်ဗုဒ္ဓ မနှစ်သက်ခဲ့ပါ။
ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်မှန်ပါက အထင်စွဲအာရုံ ၊ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်ဖြစ်ပါသည်။
အတွေးစွဲ အလီလီ ယုံကြည်မှုအရပ်ရပ်ကို လည်းပယ်စွန့် ကြရပါမည်။
သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရေးအတွက် ဥပဒေသမူကြီး 5 ရပ်ကို စံပြု သတ်မှတ်ထားခဲ့ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်ပါက-
၁။ ယုံကြည်မှုသဒ္ဒါတရား ရှိရပါမည်။
၂။ စောင့်ထိန်းမှုသီလ ရှိရပါမည်။
၃။ ကောတုဟလ မင်္ဂလာကို မယုံကြည်ရပါ။
၎။ ကံတရားကို ယုံကြည်သူဖြစ်ရပါမည်။
၅။ သာသနာတော် ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ ။
၁။ ယုံကြည်မှုသဒ္ဒါတရား ရှိရမည်ဆိုသည်မှာအဘယ်နည်း
ဘုရား ၊တရား၊ သံဃာ ရတနာ သုံးပါးတို့၌ ဘုရားစစ် ဘုရားမှန် ၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံသော စိတ်ရှိရမည်ဟုဆိုလိုသည်။
၂။ စောင့်ထိန်းမှုသီလ ရှိရမည်ဆိုသည်မှာ အဘယ်နည်း
ဝါရိတ္တ သီလဟုခေါ်သော -ငါးပါး - ရှစ်ပါး သီလနှင့်
စာရိတ္တသီလ ဟုခေါ်သော လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘကျင့်ဝတ် ၊ သားသမီးကျင့်ဝတ် ၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သားကျင့်ဝတ် စသော လုပ်သင့်လုပ်ထိုက်သောကျင့်ဝတ်သီလများ နှင့် ပြည့်စုံရမည်ဟုဆိုလိုပါသည်။
ဤဥပဒေသ တွင် မြတ်ဗုဒ္ဓသည် လူသားတို့အား -မလုပ်ဘဲနေရမည်ကို မလုပ်ဘဲနေရဲသောသတ္တိ၊
လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲသောသတ္တိ များ စိတ်မှာမွေးမြူနိုင်ရန် မီးမောင်းထိုးပြသွားခဲ့ပါသည်။
၃။ ကောတုဟလ မင်္ဂလာ ကို မယုံကြည်ရဆိုသည်မှာ အဘယ်နည်း
အချို့သောလူများသည် -အိမ်မြောင်စုတ်ထိုးလျှင်ကောင်းသည် ၊ ကျီးကန်းလာနားရင်နိမိတ်မကောင်းဘူး ၊ စသော ကောတုဟလမင်္ဂလာကိုယုံကြည် လက်ခံတတ်ကြပါသည်၊
မြတ်ဗုဒ္ဓက - ဗုဒ္ဓဘာသာဝင်မှန်ပါက ရက်ရာဇာ ၊ပြဿဒါး ၊ ကျီးကန်းလာနားခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း ၊ နေကြတ်ခြင်း ၊ လကြတ်ခြင်း စသည်တို့ကြောင့် ကောင်းကျိုးဆိုးကျိုး ရှိသည်ဆိုခြင်းအား၊ လက်မခံရန် ဥပဒေသ နံပါတ် 3 တွင် ချမှတ်တော်မူထားပါသည်၊
ကောင်းကျိုးလိုလားသူ သည် ကောင်းသောလုပ်ရပ် ကိုလုပ်ရမည်၊
မကောင်းကျိုးမခံစားလိုသူများအနေနှင့် မကောင်းသောအပြုအမူ အပြောအဆို အတွေးအကြံများကို မပြုလုပ်မိဖို့လိုပါသည်။
မိမိ၏ အတွေးအကြံများက မကောင်းသောဘက်တွင် ပျော်မွေ့နေသော်လည်း တန်ပြန်အကျိုးသက်ရောက်မှုကောင်းကျိုးကိုမျှော်လင့်နေခြင်းသည် ကား ၊ ကောင်းကင်က ရေစီး၊မြေကြီးကလသာ မည့်အချိန်ကို စောင့်နေသူ နှင့်တူနေပါမည်။
၎။ ကံတရားကိုယုံကြည်သူဖြစ်ရမည် ဆိုသည်မှာအဘယ်နည်း
ဗုဒ္ဓ၏ဒေသနာတော်တွင် - အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအပင်ကိုသာလျှင် ရိတ်သိမ်းရ၏ဆိုသည့်အတိုင်း ကောင်းကံလုပ်လျှင် ကောင်းကျိုးကိုခံစားရမည်၊
မကောင်းကံ လုပ်လျှင် မကောင်းကျိုးကို ခံစားရမည်ဆိုသော သဘောတရားကို ယုံကြည်လက်ခံရမည်ဟုဆိုလိုပါသည်။
ကံတရားအကြောင်းကို အနည်းငယ်ထပ်ပြောရလျှင်-
သစ်ပင်တစ်ပင်ကိုနမူနာကြည့်ပါ။
ထိုသစ်ပင် ရှင်သန်ကြီးထွားစေရန်
၁။ လုံလောက်သောနေရောင်ခြည်
၂။ လုံလောက်သောရေဓာတ်
၃။ ကြီးထွားသီးပွင့်ရမည့်အချိန်အခါ
ထိုအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှသာလျှင် ၊သစ်ပင်သည် ရှင်သန် ကြီးထွား ပွင့်သီးမည်ဖြစ်ပါသည်။၎င်းကို ဗီဇ နိယာမဟုခေါ်ပါသည်။
ဤဗီဇနိယာမ ကဲ့သို့ပင် - မိမိတို့ပြုလုပ်လိုက်သောကောင်းကံ ၊ ဆိုးကံ များသည် ပြုလုပ်လိုက်ပြီးသည်နှင့်တပြိုင်နက် မိမိတို့၏ခန္ဓာကိုယ်တွင် သတ္တိများကို ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားကြပါသည်။ မိမိတို့ခန္ဓာကိုယ်မှာရှိသော ထိုသတ္တိ များသည် စေတနာသမင်္ဂီတာ၊ ကမ္မ သမင်္ဂီတာ၊ ဥပဌာနသမင်္ဂီတာ၊ ၀ိပါကသမင်္ဂီတာ၊ ဆိုသော အကြောင်းတရား ၄ မျိုးပေါင်းစုံသောအချိန်တွင် တန်ပြန်သက်ရောက်မှုအဖြစ်၊ ဧကန်အကျိုးပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်လျှင် ဤ ကမ္မနိယာမ၏ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမည်ဟုမိန့်တော်မူခဲ့ပါသည်။
၅။ သာသနာတော် ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီး ရဆိုသည်မှာအဘယ်နည်း
လူအများသည် အပျော်ကြူးခြင်း ၊ အလိုကြီးခြင်း ၊ ကြောက်စိတ်များ ခြင်း၊ စိုးရိမ်စိတ်များခြင်းတို့ကြောင့် သာသနာတော်၏ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း ၊ ဘိုးတော် မယ်တော် ကိုးကွယ်ခြင်း ၊ အင်းအိုင်လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထားယုံကြည်ခြင်း စသော သာသနာတော် ပြင်ပ ကိုးကွယ်ရာများကို ရှာမှီးကိုးကွယ်နေကြပါသည်။
မြန်မာပြည်တွင်ခေတ်စားနေသော အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း၊ သူရဿတီ မယ်တော်စသော နတ်တို့၏သမိုင်းကြောင်း ကိုပြန်ကြည့်ပါက ၊ မြန်မာပြည်ဖြစ်နတ်များ ၊ အစိမ်းသေ နတ်များ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
ဗြဟ္မဏတို့စိတ်ကူးပုံဖော်ကိုးကွယ်ခဲ့သော တကယ်မရှိသည့် သူရဿတီ နတ်သမီး ကို ပိဋကတ် သုံးပုံစောင့် နတ်သမီးအဖြစ် ယုံကြည်ကိုးကွယ်နေကြခြင်းသည် ၊ ပိဋကတ်သုံးပုံကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော သံဃာတော်များကို စော်ကားခြင်းဖြစ်သကဲ့သို့ မိမိ၏ ဦးနှောက်နှင့် နှလုံးသားကို အသိအမှတ်မပြုရာရောက်ပါသည်။
မနုဿဗေဒပညာရှင်တစ်ဦး၏အဆိုအမိန့်တစ်ခုကို ဤနေရာတွင် တင်ပြရလျှင်၊ - ထာဝရ ဘုရားက လူတို့ကိုဖန်ဆင်းထားခြင်း မဟုတ်၊ လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်း ဖြစ်သည်ဟုဆိုပါသည်။
ဤကဲ့သို့ပင် - နတ်တို့က လူတို့ကို စောင့်ရှောက်ထားခြင်း မဟုတ် ၊ လူတို့ကသာ နတ်တို့ကို စောင့်ရှောက်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်လျှင် ၊သာသနာပ ကိုးကွယ်မှုကို မရှာရဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ဖို့ရန်အတွက် -
ယုံကြည်မှုသဒ္ဒါတရားရှိရမည်၊
စောင့်ထိန်းမှုသီလရှိရမည်၊
ကောတုဟလ မင်္ဂလာကိုမယုံကြည်ရ၊
ကံတရားကိုယုံကြည်သူဖြစ်ရမည်၊
သာသနာတော်ပြင်ပ ကိုးကွယ်မှုမရှာရ၊
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ ချက်ကို ဦးထိပ်ပန်ဆင်၍ ၊ ဗုဒ္ဓ၀ါဒသဘောတရားဖြစ်သော ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှုမှ ကောင်းမှုသို့ ၊ အမှောင်မှ အလင်းသို့ ၊ မသိမှုမှ သိမှုသို့ ၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ရောက်အောင် ၊ အသိ အကျင့် ဘက်စုံမြှင့်၍ ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်ဖြစ်အောင် သင်တို့ ငါတို့ ကြိုးစားးကြပါစို့။
Theravada Buddhist Foundation ( ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ရပ် ) by Ashin Tikkkhanyanalinkara
၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intenisty Speaking Center မှာ ဘာသာကြီး များဆိုင်ရာ နှီးနှောဖလှယ်ပွဲလေးကျင်းပ ခဲ့ပါသည်။ထိုနှီးနှောဖလှယ်ပွဲ တွင် Ashin Tikkkhanyanalinkara
ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းလေးကို မျှဝေပေးလိုက်ပါသည်။အပြောနှင့်ရေးသားထားသည်ကို စာကဲ့သိုပြင်ဆင်သည်မှအပ မူရင်း အတိုင်းတင်ပြပေးလိုက်ပါသည်။
No comments:
Post a Comment