လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Monday, July 23, 2012

What is Buddhism ?ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ၊

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ  ၅  ရပ်
မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ ( ၅၈၈ ) က ဒီကမ္ဘာကြီးမှာ   ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါ သည်။
မဟာသက္ကရာဇ် ၁၀၃ ခု  ၀ါဆိုလပြည့် စနေနေ့ ဘီစီ ( ၅၈၈ ) မှာ  ဓမ္မ ရတနာ စတင်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခု  ၀ါဆိုလပြည့်ကျော် ၂ ရက်  တနင်္လာနေ့  ဘီစီ ( ၅၈၈ ) မှာ သံဃရတနာ စတင်ပေါ်ပေါက်ခဲ့ပါ သည်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ် နဲ့  ၄၅ နှစ်နေပြီး ၊  မဟာသက္ကရာဇ်  ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ (  ၅၄၃ ) ခု မှာ  ပရိနိဗ္ဗာန် စံလွန်တော်မူပါ သည်။
ဗုဒ္ဓအဖြစ်နှင့်  ၄၅ နှစ် အတွင်းတွင်   တာဝန်ကြီး ၂ ရပ် ကို  တစ်နေ့လျှင်  ၂၂ နာရီ ၂၀ မိနစ် ခန့်မျှ  နေ့မအား ၊ ညမနား  လူသားသတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး ၍  ထမ်းဆောင်တော်မူခဲ့ပါသည်။
ထိုတာဝန်ကြီး ၂ ရပ်မှာ
၁။     ဓမ္မကို  ဟောပြောခြင်း ၊ ဖြေဆိုခြင်း
၂။     သံဃာ့အဖွဲ့အစည်း ကို ထူထောင်ခြင်း တို့ဖြစ်ပါသည်။
ထိုမြတ်ဗုဒ္ဓ ဟောပြောပြသည့် ဓမ္မအတိုင်း  လက်တွေ့လိုက်နာ ကျင့်သုံးသူများကို  ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။
ဘုရားကို ကိုးကွယ်ရာဟှူု၍  ဆည်းကပ်ခြင်း ၊
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း   ဆိုသော  သရဏဂုံသုံးပါး ကို လက်ခံလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိ ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် လိုက်နာရမည့်  စည်းကမ်း 5 မျိုး ရှိပါသည်။၎င်းတို့မှာ -
၁။     သက်ရှိလူသား တိရစ္ဆာန်တို့၏အသက် ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၊
၂။     သူတစ်ပါး ပစ္စည်းကို ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ် ရခြင်း ၊
၃။     ကာမဂုဏ်  ဖောက်ပြန်မှု ၊ အိမ်ထောင်ရေး ဖောက်ပြန် မှုမှ  ရှောင်ကြဉ်ရခြင်း
၎။     မဟုတ်မမှန်  ပြောဆိုခြင်း မှရှောင်ကြဉ်ရခြင်း ၊
၅။     မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း မှ ရှောင်ကြဉ်ရခြင်း   တို့ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ ချမှတ်ပေးသည့် ဤ စည်းကမ်း ငါးချက်ကိုကြည့်ခြင်းအားဖြင့် ၊ မြတ်ဗုဒ္ဓသည် လူသားတို့၏အသက် အိုးအိမ် စည်းစိမ် ချမ်းသာ  လုံခြုံရေး ၊ 
အိမ်ထောင်ရေးသာယာစေရေး၊
ကမ္ဘာလောကကြီးတွင် သစ္စာတရားထွန်းကားစေရေး ၊
လူသားတို့၏ဥာဏ်ရည်အဆင့်အတန်း မီရေး  စသော အရေးတို့ကို မျှော်တွေးကာ  အထက်ပါစည်းကမ်း ငါးချက်ကို ချမှတ်ခဲ့ကြောင်း တွေ့နိုင်ပါသည်။
လူသားတို့သည်  အပျော်ကြူးခြင်း ၊  အလိုရမက် ကြီးခြင်း၊ ကြောက်စိတ်များခြင်း ၊ တို့ကြောင့်မိမိတို့၏ဘ၀အတွက်အားကိုးရာ များကို စိတ်ကူးပုံဖော်ကာ  ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးများကို စိတ်ကူးပုံဖော်ကာ ကိုးကွယ် လက်ခံနေသည်ကို  မြတ်ဗုဒ္ဓ  မနှစ်သက်ခဲ့ပါ။
ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်မှန်ပါက  အထင်စွဲအာရုံ ၊  ကိုးကွယ်မှုမျိုးစုံကို  စွန့်လွှတ်ရမည်ဖြစ်ပါသည်။
အတွေးစွဲ အလီလီ ယုံကြည်မှုအရပ်ရပ်ကို လည်းပယ်စွန့် ကြရပါမည်။
သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရေးအတွက်  ဥပဒေသမူကြီး 5 ရပ်ကို  စံပြု သတ်မှတ်ထားခဲ့ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်ပါက-
၁။     ယုံကြည်မှုသဒ္ဒါတရား ရှိရပါမည်။
၂။     စောင့်ထိန်းမှုသီလ ရှိရပါမည်။
၃။     ကောတုဟလ မင်္ဂလာကို မယုံကြည်ရပါ။
၎။     ကံတရားကို ယုံကြည်သူဖြစ်ရပါမည်။
၅။     သာသနာတော် ပြင်ပ၌  ကိုးကွယ်မှုကို မရှာမှီးရ ။

၁။     ယုံကြည်မှုသဒ္ဒါတရား ရှိရမည်ဆိုသည်မှာအဘယ်နည်း
ဘုရား ၊တရား၊ သံဃာ ရတနာ သုံးပါးတို့၌  ဘုရားစစ် ဘုရားမှန် ၊ တရားစစ် တရားမှန်၊  သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံသော စိတ်ရှိရမည်ဟုဆိုလိုသည်။


၂။     စောင့်ထိန်းမှုသီလ  ရှိရမည်ဆိုသည်မှာ အဘယ်နည်း
ဝါရိတ္တ သီလဟုခေါ်သော  -ငါးပါး - ရှစ်ပါး သီလနှင့်
စာရိတ္တသီလ ဟုခေါ်သော လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘကျင့်ဝတ် ၊ သားသမီးကျင့်ဝတ် ၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သားကျင့်ဝတ် စသော လုပ်သင့်လုပ်ထိုက်သောကျင့်ဝတ်သီလများ နှင့် ပြည့်စုံရမည်ဟုဆိုလိုပါသည်။
ဤဥပဒေသ တွင် မြတ်ဗုဒ္ဓသည် လူသားတို့အား  -မလုပ်ဘဲနေရမည်ကို မလုပ်ဘဲနေရဲသောသတ္တိ၊
လုပ်သင့်လုပ်ထိုက်တာကို  လုပ်ရဲသောသတ္တိ များ စိတ်မှာမွေးမြူနိုင်ရန် မီးမောင်းထိုးပြသွားခဲ့ပါသည်။

၃။     ကောတုဟလ မင်္ဂလာ ကို မယုံကြည်ရဆိုသည်မှာ အဘယ်နည်း
အချို့သောလူများသည်   -အိမ်မြောင်စုတ်ထိုးလျှင်ကောင်းသည် ၊  ကျီးကန်းလာနားရင်နိမိတ်မကောင်းဘူး ၊ စသော ကောတုဟလမင်္ဂလာကိုယုံကြည် လက်ခံတတ်ကြပါသည်၊      
မြတ်ဗုဒ္ဓက  - ဗုဒ္ဓဘာသာဝင်မှန်ပါက  ရက်ရာဇာ ၊ပြဿဒါး ၊ ကျီးကန်းလာနားခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း ၊ နေကြတ်ခြင်း ၊ လကြတ်ခြင်း စသည်တို့ကြောင့် ကောင်းကျိုးဆိုးကျိုး ရှိသည်ဆိုခြင်းအား၊ လက်မခံရန် ဥပဒေသ နံပါတ် 3 တွင် ချမှတ်တော်မူထားပါသည်၊
ကောင်းကျိုးလိုလားသူ သည် ကောင်းသောလုပ်ရပ်  ကိုလုပ်ရမည်၊
မကောင်းကျိုးမခံစားလိုသူများအနေနှင့်  မကောင်းသောအပြုအမူ  အပြောအဆို အတွေးအကြံများကို မပြုလုပ်မိဖို့လိုပါသည်။
မိမိ၏ အတွေးအကြံများက မကောင်းသောဘက်တွင် ပျော်မွေ့နေသော်လည်း   တန်ပြန်အကျိုးသက်ရောက်မှုကောင်းကျိုးကိုမျှော်လင့်နေခြင်းသည် ကား ၊  ကောင်းကင်က ရေစီး၊မြေကြီးကလသာ မည့်အချိန်ကို စောင့်နေသူ နှင့်တူနေပါမည်။

၎။     ကံတရားကိုယုံကြည်သူဖြစ်ရမည် ဆိုသည်မှာအဘယ်နည်း
ဗုဒ္ဓ၏ဒေသနာတော်တွင်  - အကြင်မျိုးစေ့ကို စိုက်ပျိုး၏။   ထိုအပင်ကိုသာလျှင် ရိတ်သိမ်းရ၏ဆိုသည့်အတိုင်း   ကောင်းကံလုပ်လျှင် ကောင်းကျိုးကိုခံစားရမည်၊
မကောင်းကံ လုပ်လျှင်   မကောင်းကျိုးကို ခံစားရမည်ဆိုသော သဘောတရားကို ယုံကြည်လက်ခံရမည်ဟုဆိုလိုပါသည်။

ကံတရားအကြောင်းကို အနည်းငယ်ထပ်ပြောရလျှင်-
သစ်ပင်တစ်ပင်ကိုနမူနာကြည့်ပါ။
ထိုသစ်ပင် ရှင်သန်ကြီးထွားစေရန်
၁။     လုံလောက်သောနေရောင်ခြည်
၂။     လုံလောက်သောရေဓာတ်
၃။     ကြီးထွားသီးပွင့်ရမည့်အချိန်အခါ
ထိုအကြောင်းတရား  ၃ မျိုး ပေါင်းဆုံမှသာလျှင် ၊သစ်ပင်သည်  ရှင်သန် ကြီးထွား ပွင့်သီးမည်ဖြစ်ပါသည်။၎င်းကို  ဗီဇ နိယာမဟုခေါ်ပါသည်။
ဤဗီဇနိယာမ ကဲ့သို့ပင် - မိမိတို့ပြုလုပ်လိုက်သောကောင်းကံ ၊ ဆိုးကံ များသည် ပြုလုပ်လိုက်ပြီးသည်နှင့်တပြိုင်နက်  မိမိတို့၏ခန္ဓာကိုယ်တွင်  သတ္တိများကို ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားကြပါသည်။ မိမိတို့ခန္ဓာကိုယ်မှာရှိသော ထိုသတ္တိ များသည်   စေတနာသမင်္ဂီတာ၊ ကမ္မ သမင်္ဂီတာ၊  ဥပဌာနသမင်္ဂီတာ၊   ၀ိပါကသမင်္ဂီတာ၊ ဆိုသော အကြောင်းတရား ၄ မျိုးပေါင်းစုံသောအချိန်တွင် တန်ပြန်သက်ရောက်မှုအဖြစ်၊ ဧကန်အကျိုးပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်လျှင်  ဤ ကမ္မနိယာမ၏ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမည်ဟုမိန့်တော်မူခဲ့ပါသည်။

 ၅။    သာသနာတော် ပြင်ပ၌  ကိုးကွယ်မှုကို မရှာမှီး ရဆိုသည်မှာအဘယ်နည်း
လူအများသည် အပျော်ကြူးခြင်း ၊  အလိုကြီးခြင်း ၊ ကြောက်စိတ်များ ခြင်း၊  စိုးရိမ်စိတ်များခြင်းတို့ကြောင့်  သာသနာတော်၏ပြင်ပဖြစ်သော  နတ်ကိုးကွယ်ခြင်း ၊  ဘိုးတော် မယ်တော်  ကိုးကွယ်ခြင်း ၊  အင်းအိုင်လက်ဖွဲ့ ဗေဒင်  မန္တာန် ကို အားထားယုံကြည်ခြင်း  စသော သာသနာတော် ပြင်ပ ကိုးကွယ်ရာများကို  ရှာမှီးကိုးကွယ်နေကြပါသည်။
မြန်မာပြည်တွင်ခေတ်စားနေသော အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း၊ သူရဿတီ မယ်တော်စသော နတ်တို့၏သမိုင်းကြောင်း ကိုပြန်ကြည့်ပါက ၊  မြန်မာပြည်ဖြစ်နတ်များ ၊ အစိမ်းသေ နတ်များ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
ဗြဟ္မဏတို့စိတ်ကူးပုံဖော်ကိုးကွယ်ခဲ့သော  တကယ်မရှိသည့် သူရဿတီ နတ်သမီး ကို ပိဋကတ် သုံးပုံစောင့် နတ်သမီးအဖြစ်  ယုံကြည်ကိုးကွယ်နေကြခြင်းသည် ၊ ပိဋကတ်သုံးပုံကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော သံဃာတော်များကို  စော်ကားခြင်းဖြစ်သကဲ့သို့  မိမိ၏ ဦးနှောက်နှင့် နှလုံးသားကို  အသိအမှတ်မပြုရာရောက်ပါသည်။
မနုဿဗေဒပညာရှင်တစ်ဦး၏အဆိုအမိန့်တစ်ခုကို ဤနေရာတွင် တင်ပြရလျှင်၊ - ထာဝရ ဘုရားက လူတို့ကိုဖန်ဆင်းထားခြင်း မဟုတ်၊ လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်း  ဖြစ်သည်ဟုဆိုပါသည်။
 ဤကဲ့သို့ပင် -  နတ်တို့က လူတို့ကို စောင့်ရှောက်ထားခြင်း မဟုတ် ၊ လူတို့ကသာ နတ်တို့ကို စောင့်ရှောက်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓက   ဗုဒ္ဓဘာသာဝင်မှန်လျှင် ၊သာသနာပ ကိုးကွယ်မှုကို  မရှာရဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ဖို့ရန်အတွက် - 
ယုံကြည်မှုသဒ္ဒါတရားရှိရမည်၊
စောင့်ထိန်းမှုသီလရှိရမည်၊
ကောတုဟလ မင်္ဂလာကိုမယုံကြည်ရ၊
ကံတရားကိုယုံကြည်သူဖြစ်ရမည်၊
သာသနာတော်ပြင်ပ ကိုးကွယ်မှုမရှာရ၊
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ ချက်ကို ဦးထိပ်ပန်ဆင်၍ ၊  ဗုဒ္ဓ၀ါဒသဘောတရားဖြစ်သော ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊  မကောင်းမှုမှ ကောင်းမှုသို့ ၊ အမှောင်မှ အလင်းသို့ ၊ မသိမှုမှ သိမှုသို့ ၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ရောက်အောင်  ၊ အသိ  အကျင့်   ဘက်စုံမြှင့်၍ ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်ဖြစ်အောင်  သင်တို့ ငါတို့ ကြိုးစားးကြပါစို့။

Theravada Buddhist Foundation  ( ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ရပ် ) by  Ashin  Tikkkhanyanalinkara
၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့  Intenisty  Speaking  Center  မှာ ဘာသာကြီး များဆိုင်ရာ နှီးနှောဖလှယ်ပွဲလေးကျင်းပ ခဲ့ပါသည်။ထိုနှီးနှောဖလှယ်ပွဲ တွင် Ashin  Tikkkhanyanalinkara
ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းလေးကို  မျှဝေပေးလိုက်ပါသည်။အပြောနှင့်ရေးသားထားသည်ကို စာကဲ့သိုပြင်ဆင်သည်မှအပ မူရင်း အတိုင်းတင်ပြပေးလိုက်ပါသည်။

Sunday, July 22, 2012

ဘယ်သူ့မှာတာဝန်ရှိလဲ

စာဖတ်သူညီအကိုမောင်နှမများ ဒီပုံပြင်လေးကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေအတွက် ရည်မှန်း ဝေမျှလိုက်ပါတယ်။ ကျမ ရဲ့ all time favourite ပုံပြင်လေးပါ။
တစ်ခါက မြို့လေးနှစ်မြို့ရှိတယ်။ အဲဒီမြို့နှစ်မြို့အလယ်မှာ သွယ်ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိတယ်။ အဲဒီမြို့နှစ်မြို့နဲ့ မနီးမဝေးမှာ ထောင် တစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီထောင်ဟာ ထောင်သားတွေတွက် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေ ကိုပြင်ဆင်ပေးတယ်၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေရှိတယ်၊ စည်းစနစ်လည်းကျတယ်။
အဲဒီ မြစ်ရဲ့ တစ်ဘက်ခြမ်းက မြို့မှာတော “က”နဲ့ “ခ” အတူတူ နေကြတယ်။ “က”ဟာ အရမ်း အလုပ်ကြိုးစားတယ်။ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ “ခ” နဲ့ စကားစမြည်ပြောဖို့ သိပ်အချိန်မပေးတတ်ဘူး။
မိုးလင်းလို့ “က” အိမ်က ထွက်သွားတာနဲ့ “ခ”က ဇက်စီးပြီး မြစ်ကိုဖြတ်လို့ တစ်ဘက်ကမ်းက သူချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့ “၏” ဟာ တစ်နေ့လုံး အတူတူနေတယ်။ ညနေစောင်းလို့ “က” အိမ်ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့ “ခ”ဟာ ညစာကိုလည်း ဘယ်တော့မှ အတူစားလေ့မရှိဘူး။
အဲဒီမြို့လေးနှစ်မြို့ နဲ့ တစ်မိုင်လောက် ဝေးတဲ့မြစ်အထက်ဘက်မှာ တံတားတစ်ခုရှိတယ်၊ အဲဒီတံတားရဲ့အောက်မှာ အိမ်ခြေမဲ့တဲ့ သူတောင်းစားတစ်ယောက်က တံတားကို ဖြတ်သွားဖြတ်လာ လူတွေကို ငွေအမြဲတောင်းတတ်တယ်။ ငွေမပေးရင် ဖြတ်ခွင့်မပေးတဲ့ ပုံမျိုးနှောက်ယှက်တော့ လူတွေကလဲ နဲနဲပါးပါးစွန့်ကြဲကြတယ်။ မြစ်ထဲကဇက်ကလဲ တစ်နေ့လုံးမှာမှ နှစ်ခါထဲ ဆွဲတယ်။
တစ်နေ့တော့ “က”က အလုပ်ကိုတော်တော်နောက်ကျပြီးမှ သွားတော့ “က”ထွက်သွားတာနဲ့ “ခ” က ဇက်အမှီမြန်မြန် ပြေးးရတော့တာပေါ့။ “ခ”က အလျှင်လိုနေတာနဲ့ အင်္ကျီမှားဝတ်သွားတာ ဇက်ဆိပ်ရောက်မှ ဇက်ဖိုးက အသွားအတွက်ပဲ လုံလောက်တာ သိလိုက်တယ်။ “ခ” စိတ်ထဲမှာ ခပ်ပေါ့ပေါ့ပဲ ဘာလို့လဲဆိုတော့ အပြန်ခရီးစရိတ်ကို တစ်ယောက်ယောက်ဆီက ချေးလို့ရမယ်လို့ စဉ်းစားမိလို့ပဲ။
ဖြစ်ချင်တော့ အဲဒီနေ့မှာ “ခ” နဲ့ “၏”တို့အကြီးအကျယ် ရန်ဖြစ်ကြတယ်။ တစ်နေ့လုံး ငြင်းခုံနေကြတာ ညနေ “ခ”ပြန်ခါနီးမှ လမ်းစရိတ် မရှိတာသတိရတယ်။ “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့တယ်။ “ခ”လဲဇက်ဆိပ်ကိုသွားပြီး ဇက်မောင်းသမားကို အကူအညီတောင်းပေမယ့် အရာရာ စည်းမျဉ်းဘောင်ထဲကလုပ်တဲ့ ဒေသဆိုတော့ ပေါ်လစီနဲ့ မကိုက်ညီလို့ ဇက်သမားက အကူအညီ မပေးနိုင်ကြောင်း ပြောလိုက်တယ်။
ညနေကလဲ စောင်းလာပြီ။ “က”ကလဲ အိမ်ပြန်ရောက်တော့မယ်။ ထမင်းဟင်းတွေလဲ မချက်ရသေးတော့ စိတ်ပူပန်မှုတွေနဲ့ နောက်ဆုံး“ခ” ဟာ တံတားကလမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
ညရောက်တော့ “ခ” အိမ်ပြန်မရောက်လာလို့ “က”က လူပျောက်မှုနဲ့ ရဲကိုတိုင်တယ်။ နောက်တစ်နေ့မှာတော့ “ခ” ရဲ့ အလောင်းကို တံတားနားမှာ တွေ့လိုက်တယ်။ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးတော့ အိမ်ခြေမဲ့က သူသတ်တာပါလို့ ဖြောင့်ချက်ပေးလိုက်တယ်။
ပုံပြင်ကလေးကတော့ ဒါပါပဲ…
ဆက်မဖတ်ခင်မှာ .. “ခ” သေရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို .. စာဖတ်သူတို့ ခဏလေးတွေးကြည့်စေလိုပါတယ်။
♥●••..….••●♥
အဲဒီပုံပြင်ကလေးကို…
P300- SFU School of Criminology မှ ပရိုဂျက်တစ်ခုမှ အပိုင်းအစလေး တစ်ခုကို မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပြီး ကျမ ဘလောဂ်စရေးခါစက “ဘယ်သူ့မှာ တာဝန်ရှိလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပြီး ၀က်ဆိုက်ဒ်တွေ မှာ ကျမ တင်ခဲ့ဖူးပါတယ်။ စာဖတ်သူတွေဆီက အဖြေအမျိုးမျိုးကို ရခဲ့ပါတယ်။ အဖြေတွေဟာ အလွန်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေရဲ့ စိတ်နေသဘောထားဟာ သူတို့ရဲ့ အဖြေတွေမှာ မြင်နေရပါတယ်။ အဖြေဟာ ဘယ်ပေါ်မှာ မူတည်ပြီး ကွဲပြားသွားလဲဆိုတော့..
စာဖတ်သူတစ်ဦးချင်းရဲ့ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ စာဖတ်သူရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ပညာအရည်အချင်း စသည်တို့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားတာကို မြင်ရပါတယ်။
သမာရိုးကျ လူ့ပတ်ဝန်းကျင်တွေထဲမှာ မွေးဖွားကြီးပြင်းလာသူတွေတွက် ဒီပုံပြင်ကို ဘယ်လို သုံးသပ်သလဲဆိုရင်…..
“က” နဲ့ “ခ” လင်မယား ဖြစ်သွားတယ်။ အလုပ်သွားသူ/အလုပ်ကြိုးစားသူဆိုတာနဲ့ “က” ဟာ ယောင်္ကျား/ဦးဆောင်သူ နေရာမှာ ထားခံလိုက်ရပြီး ထမင်းချက်တယ်ဆိုတာနဲ့ “ခ” ဟာ မိန်းမနေရာကို ရောက်သွားခဲ့တယ်။ အဲဒီနေရာမှာ ယောင်္ကျားက အလုပ်ပဲလုပ်ပြီး ပစ်ပယ်သူနဲ့ မိန်းမဟာ အပစ်ပယ်ခံရလို့ ဖောက်ပြန်သူဖြစ်သွားတယ်။
ပြီးတော့ တံတားနားမှာ အလောင်းတွေ့တယ်ဆိုတာနဲ့ အိမ်ခြေမဲ့ဟာ သတ်သူဖြစ်သွားတယ်။
ပုံပြင်ကို အဲသလို သုံးသပ်ကြအပြီး… “ခ” သေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတဲ့ အမေးကို ဆက်စဉ်းစားကြတဲ့အခါမှာ.. များသော အားဖြင့်ရတဲ့ အဖြေတွေဟာ ..
- အိမ်ခြေမဲ့မှာ တာဝန်ရှိတယ်၊ အိမ်ခြေမဲ့ သတ်လိုက်တာ..
- မိန်းမလုပ်တဲ့ “ခ” ဟာ ယောက်ျားဖြစ်သူ “က” အလုပ်သွားနေတုန်း ဟိုဘက်ကမ်းက “၏” နဲ့ ဖောက်ပြန်နေတဲ့အတွက် သူကိုယ်တိုင်မှာ တာဝန်ရှိတယ်၊ သူ့အပြစ်သူခံသွားရတာ…
- ယောင်္ကျားလုပ်သူ “က” က “ခ” ဖောက်ပြန်နေမှန်းသိသွားလို့ မိန်းမလုပ်သူ “ခ” ကို သတ်လိုက်တာဖြစ်တဲ့အတွက် ယောင်္ကျားမှာ တာဝန်ရှိတယ်။
- “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့လို့ “ခ” က တံတားကဖြတ်ပြန်ရလို့ သေရတာ။ “၏” မှာတာဝန်ရှိတယ်။
- ဇက်သမားမှာ တာဝန်ရှိတယ်။ “ခ” လမ်းစရိတ်မပေးနိုင်လည်း ခေါ်သွားဖို့သင့်တယ်။ ဒီလောက် မကပ်သင့်ဘူး။
စတဲ့ သမာရိုးကျ အဖြေတွေကို တွေ့ရတတ်ပါတယ်။
အဲဒီမှာ စာဖတ်သူတွေဟာ… နဲနဲ ထပ်အတွေးနက်မယ်ဆိုရင် “က”နဲ့ “ခ” အတူတူ နေကြတယ်…. ဆိုတာနဲ့ လင်မယား ဖြစ်မသွားပါဘူး။
“က”နဲ့ “ခ” ဟာ… သားအမိဖြစ်နိုင်တယ်၊ ညီအစ်ကို၊ ညီအစ်မ မောင်နှမဖြစ်နိုင်တယ်၊ သူငယ်ချင်းဖြစ်နိုင်တယ်။
“က”နဲ့ “ခ” နှစ်ယောက်စလုံးဟာ မိန်းမတွေ (သားအမိ၊ ညီအစ်မ၊ သူငယ်ချင်း) ဖြစ်နိုင်သလို.. ယောင်္ကျားတွေ (သားအဖ၊ ညီအစ်ကို၊ သူငယ်ချင်းတွေ) ဖြစ်နိုင်တယ်။
“ခ” နဲ့ “၏” ဟာလည်း… ဒီလိုပဲ..
“ခ” ချစ်တဲ့ “၏” နဲ့ တစ်နေကုန် သွားနေတယ်…. ဆိုတာနဲ့ “ခ” နဲ့ “၏” ဟာ ချစ်သူတွေဖြစ်မသွားဘူး။ “ချစ်တဲ့” ဆိုတဲ့ စကားဟာ လေးနက်ပါတယ်။ အချစ် ဆိုတာ သူငယ်ချင်းကို ချစ်နိုင်တယ်၊ ကိုယ့်ဆရာသမားကို ချစ်နိုင်တယ်။ ဒါကြောင့် “၏” ဟာ “ခ” ရဲ့ ဆရာသမားဖြစ်နိုင်တယ်၊ “ခ” ဟာ “၏” ထံမှာ တစ်ခုခု သွားသင်နေတာဖြစ်နိုင်တယ်။ သူငယ်ချင်းတွေလည်း ဖြစ်နေနိုင်တယ်၊ အတူတူ လုပ်ငန်းတစ်ခုခု လုပ်နေတာလည်း ဖြစ်နိုင်တယ်။
နောက်.. အိမ်ခြေမဲ့။
သူသတ်တယ်လို့ ဆိုလိုက်တာနဲ့ အိမ်ခြေမဲ့ဟာ လူသတ်သမားဖြစ်မသွားပါဘူး။ တံတားအောက်မှာ ဖြစ်သလိုတောင်းယမ်းစားသောက်နေရတာထက် နွေးထွေးလုံခြုံပြီး စားကောင်းသောက်ဖွယ်တွေကောင်းတဲ့ ထောင်ထဲမှာ နေချင်မှာပဲ (ဒါတစ်ကယ်ကို ဟုတ်ပါတယ်၊ အထူးသဖြင့် ဒီမြို့တွေမှာ… ဆောင်းရာသီရောက်ပြီဆိုရင် အိမ်ခြေမဲ့တွေဟာ နွေးနွေးထွေးထွေးနေချင်လို့ အကြံအဖန် လုပ်တတ်ကြပါတယ်)
ကျမတို့ဘ၀မှာ “ခ” သေရတာဟာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတဲ့ မေးခွန်းမျိုး အမေးခံလာရတဲ့ အခါမှာ ဘယ်လိုဖြေကြမလဲ ဆိုတာလေးကို တွေးမိကြဖို့လိုပါတယ်။
အရာရာတိုင်းဟာ ကိုယ်ထင်မြင်ယူဆနေတာနဲ့ အများကြီး လွဲနေတတ်တယ်ဆိုတာရယ်.. သမာရိုးကျ ထုံးတမ်းစဉ်လာ ဓလေ့အယူအဆတွေ၊ ဘာသာရေးသွန်သင်ချက်တွေ ကနေ အနည်းငယ်ခွဲထွက် တွေးတတ်ဖို့ အကြောင်းလေးတစ်ခုကို ဝေမျှလိုပါတယ်ရှင်။
-နိုင်ငံရပ်ခြား/အနောက်နိုင်ငံမှာ နေသူတိုင်း ရုပ်ဝတ္ထုပြည့်စုံသော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လေ့ရှိတယ်။ (အထီးကျန်ဆန်နေကြရှာတယ်)
-နိုင်ငံခြားသားတွေဟာ မိဘတွေကို ပစ်ထားတယ်။ သားသမီးနဲ့ မိဘကြား အနေဝေးတယ်။
-ကမ္ဘာပေါ်မှာ “***” တိုင်းပြည်ဟာ အယဉ်ကျေးဆုံး တိုင်းပြည်ဖြစ်တယ်။
-နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေဟာ မြန်မာပြည်ကို မချစ်ဘူး၊ နိုင်ငံခြားရောက် မြန်မာမတိုင်း ဘီယာသောက်ပြီး .. ၀ိုင်ချိုချိုကို နှစ်သက်တယ်၊ လျှပ်ပေါ်လော်လီတယ်။
-အွန်လိုင်းတက်သူတိုင်းဟာ အပြင်လောကပတ်ဝန်းကျင်နဲ့ ဆက်သွယ်မှု မရှိ/နည်းပါး လို့ အွန်လိုင်းတက်နေကြခြင်းဖြစ်တယ် (ဒါမှမဟုတ်) အပြင်လောကမှာ အောင်မြင်မှု မရှိလို့/ ရာထူးရာခံ ကြီးကြီးမားမား မရှိလို့ အွန်လိုင်းတက်နေကြခြင်းဖြစ်တယ်။
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ဗုဒ္ဒဘာသာဝင်ဖြစ်ရမယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ခရစ်ယာန် ဘာသာဝင်ဖြစ်လိမ့်မယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် မွတ်စလင် ဘာသာဝင်ဖြစ်ရမယ်၊
(ဒါမှမဟုတ်)
-သူ/သူမဟာ အတွေးခေါ်ကောင်းတယ်၊ ဒါကြောင့် ဟိန္ဒူ ဘာသာဝင်ဖြစ်လိမ့်မယ်။
-ဟော.. သူမကို လူတွေ ဒါမျိုးပြောနေကြလို့ ဒီပိုစ်ကို တင်တာထင်တယ်…။
အဲသလို…. သမာရိုးကျဆန်သော ဥပမာများမှ ကင်းဝေးနိုင်ကြပါစေ…. လို့ ;)
ချစ်ခင်စွာဖြင့်…
Disclaimer:
Adapted from one of the projects used in P300- SFU School of Criminology
မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပါသည်။
အတွေးအခေါ် ခံယူချက်တွေရဲ့ တာဝန်အရှိဆုံးသူဟာ တွေးခေါ်ခံယူနေသူ “သင်” သာလျှင် ဖြစ်ပါတယ်။
(အိမ့်ချမ်းမြေ့)

နာရီပေါ်က အတွေးစများ

နာရီပေါ်က စက္ကန့်တံဟာ
ချက့် ချက့်      ချက့် ချက်   နဲ့
ဘဝကို
ရက်ရက်  စက်စက် ဝါးမြိုနေချိန်မှာ--
မင်း ဘာလုပ်နေတာလဲ ---?
တစ်ချို့ က----
တစ်နေ့စာ စားဝတ်နေရေးအတွက်
ချွေးထွက်အောင်ကြိုးကုတ်
အလုပ်တွေ လုပ်နေလေရဲ့။
တစ်ချို့ က----
တစ်ဘဝစာ စားဝတ်နေရေးအတွက်
ဥာဏ်ရည်ဥာဏ်စွမ်းတွေထုတ်
စီမံကိန်းတွေနဲ့ အလုပ်ရှုပ်လို့။
တစ်ချို့ က----
အမြီးကျက်အမြီးစား   ခေါင်းကျက်ခေါင်းစား အတွေးနဲ့
တစ်ပါးသူကို လှည့်ကွက်ကြံ
တစ်နပ်စားအကြံနဲ့
ဆင်ကြံကြံ နေကြလေရဲ့။
တစ်ချို့ က----
ဘာဆို ဘာမှမလုပ်
မိဘလုပ်စာ ထိုင်စား
ဟိုယားယား  ဒီယားယား နဲ့
ဘဝကို ရေသာခို
စက်ပျက်နေတဲ့ နာရီလိုပေါ့။
ငါလား------------??
ကဗျာရေးနေတာလေ----
တစ်ချက်ချက်နဲ့
စက္ကန့်တွေရေတွက်
ငါ့ဘဝကို ဖြတ်သွားခိုက်မှာ
ဘာပဲဖြစ်ဖြစ်---
ကဗျာတစ်ပုဒ်တော့  ကျန်ရစ်ခဲ့ချင်လို့။               

“တောဓလေ့”

ဟင်းရွက်က တစ်ဆုပ်နှစ်ဆုပ်
ထင်းငုတ်က တစ်ငုတ်နှစ်ငုတ်
အထုပ်ကလေး ခေါင်းပေါ်တင်
ရွာဆီသို့  သုတ်သုတ်နှင် . . . ။

အိမ်ရောက်ရင် မီးထည့်ထိုး
မီးခိုးက တလူလူ
ဟင်းအိုးက ဆူ
အိုးဆူရင် ဟင်းရွက်ခပ်ပါ့
ဆွမ်းရပ်ချိန် မီတန်ကောင်းပါရဲ့

လောင်းဖို့ ပြင်ထား . . . ။
ရေးသားသူ မောင်လင်းကြည်

“ရွှေမြို့က ပန်းခွာညို”

ရွှေမြို့က ပန်းခွာညို၊ စာဆိုနှင့်ပေး။
စာဆိုနှင့် ခွာညိုပန်းရယ်၊ နန်းမြေထိမွှေး။

ရွှေမြို့နေ မင်းခြေရင်းက၊ ထုံသင်းကိုပေး။
လိမ်းမယ်လို့ ပျိုချေတော့၊ လေးပြည်က မွှေး။

ရွှေမြို့က ငွေပန်းငုံကို၊ လူကြုံတိုင်းပေး။
ငွေပန်းငုံ လူကြုံပေးကို၊ သိမ်းပေါင်ကွဲ့လေး။

ရွှေမြို့ကို ဘယ်အခင်းကြောင့်၊ မောင်ဆင်းသလေး။
ကွမ်းတုံမြိတ်နှင့် အချိတ်ဝယ်ကွယ်၊ ဆင်းမယ်တဲ့လေး။

ပျို့ခေါင်းကို နေကျော်၊ နားချိန်က တော်
နားနေရင်း ချိန်ချော်ရော့မယ်၊ ငန်းဆော်ပါ့လေး။
အမည်မသိရှေးစာဆို
ခက်ဆစ်အဖွင့်

ခွာညို= ပြာသိုလတွင် ညိုပြာရောင်ပန်း ပွင့်လေ့ရှိသော နွယ်ပင်။
ထုံသင်း= အမွှေးနံ့သာခဲ။
လေးပြည်= အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ။
ကွမ်းတုံမြိတ်= ကွမ်းတုံနယ်မှလာသော အမြိတ်ဆင်။
ငန်းဆော်= လုပ်ငန်းခွင်ဝင်ရန် ဆော်သြသည်

ပန်းလက်ဆောင်

လုလင့်ချစ်သူ
ပန်းဆင်ယူဖို့၊တမူထူးစွ
နှင်းဆီလှအား၊ဆက်သပါသည်
ကြည်ဖြူပြုံးပျော်နိုင်စေသား။
ဤပန်းနှင့်ပင်
ဖြူစင်ကြင် နာ ၊ချစ်မေတ္တာအား
ရောကာယှဉ်၍၊ ဆက်သပါသည်
ဤကမ္ဘာအား ၊တိုင်တည်ထား၍။
ချစ်သူ့ကြင်နာ၊ချစ်သဒ္ဒါအား
မျှော်ကာထား၍၊ ဆက်သွားခြင်းမူ
မမှတ်ယူပဲ
ချစ်သူနှလုံး၊ရွှင်ကြည်ပြုံးလျင်
ဤလုလင်သည်၊ဘဝင်ကြည်၏
ဤကားလုလင်သစွာစကား ။
သစွာစကား၊တိုင်တည်ထား၍
ဘုရားရှေ့မှာ၊ဆုတောင်းပါသည်
သစွာတရား၊ မှန်သော်ငြားကား
ချစ်သောသူအားဆုံစေသား ။

Friday, July 20, 2012

တိုးတိုးလေးညည်းတဲ့တေးသံ

အဲဒီနေ့က
အမေအိုကရွာထိပ်ကိုလိုက်ပို့လို့
သူ့မျက်ဝန်းမှာမျက်ရည်စိုလို့
ကျနော်မလေးရှားကိုသွားမယ်ဆိုလို့
ဘိုးဘွားမိဘကိုထိခြင်းငါးပါးနှင့်
ကျနောကန်တော့လို့ ............။
ဆုံးမသြဝါဒစကားတွေကိုနာယူလို့မှတ်သားလို့
နိုင်ငံခြားမှာလိမ်လိမ်မာမာ နေထိုင်ဖို့
အနန္တောအနန္တငါးပါးကိုမမေ့ဖို့
ချွေချွေတာတာ သုံးစွဲဖို့
ခြစ်ခြစ်ကုပ်ကုပ်စုဆောင်းဖို့
အရက်သေစာမသောက်စားဖို့
ကိုယ်ဘဝအမှန်ကိုသိတတ်နားလည်ဖို့
ဘိုးဘွားပိုင်အိမ်ဝင်းလေးပြန်ရွေးနိုင်ဖို့ 
.........................................ဖို့
.......................................ဖို့
အခု .....
ကျနော်အလုပ်အကိုင်မကောင်းလို့
အေးဂျင့်တွေကိုမေတ္တာပို့
အိမ်ကိုလည်းငွေမှန်မှန်မပို့
ပြန်ရမဲ့ရက်ဆိုတာမှုန်ဝါးလို့
မိအိုဖအိုတွေကိုသနားလို့
သားတစ်ယောက်ရဲ့ဝတ္တရားမကျေပွန်ခဲ့လို့
သားမိုက်ကိုခွင့်လွှတ်ပါလို့
အဝေးက........
ဆုတောင်းဆန္တပြုရင်း .....................။

ကြယ်စင်မဲ့ကောင်းကင်

ခလေးမဟုတ်တော့ဘူး ။ .....ဒီနှလုံးသားရင့်ကျက်လာခဲပါပြီ.........
ရင်မှာခံစားးမှုဒဏ်ရာတွေမပြယ်သရွေ့ တောက်ပလင်းလက်တဲ့ ကောင်းကင်ဆိုတာလည်း .......
မရှိနိုင်သေးပါဘူးမ ..........
ခဏတာဝေးကွားခြင်းဆိုရင် အလွမ်းသီးချင်းဆိုရင်တော့ပြယ်မယ်ထင်တယ် ။ .........
ခုတော့ ........ထာဝရဝေးကွားခြင်းပါ........
ပြန်ဆုံရင်တောင် အတူမနေနိုင်တော့ပါဘူး .......(မတူညီတဲ့ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့)
ဟိုးအရင် ကဆိုရင် .........ကျနော်ရဲ့ကောင်းကင်မှာ ကြယ်စင်တွေအများကြီး .....
ငွေလမင်းကြီးရဲ့အောက်မှာအတူတူထိုင် ......
ပြောမကုန်နိုင်တဲ့စကားတွေနဲ့ ........နှစ်ယောက်သား ပျော်ရွှင်မဆုံးခဲ့ပါဘူး ........
ကြယ်ကင်မဲ့တဲ့ကောင်းကင်အောက်မှာ ..........
ခုတော့ ..........တစ်ယောက်တည်း
အမှောင်တွေထဲတိုးဝင် .........အနာဂတ်ဆိုတဲ့အိပ်မက်ခရီးရှည်ကြီးအတွက် ...........
 စမ်းတဝါးဝါးလှမ်းလျှောက်နေသူပါ .............
မနဲ့ကျနော်လွှဲချော်ခဲ့ပြီးနောက် ...........
အရာအားလုံးဆိတ်သုန်း အပူရင်ခွင်မှာ ..........
လမင်းကြီးလည်းမအေးမြတော့ဘူး ......
ငှက်ကလေးတွေရဲ့တေးဆိုသံတွေလည်းမချိုမြိန်တော့ဘူး ........
ကောင်းကင်အောက်က ကြယ်ကလေးတွေလည်းလင်းလက်တောက်ပမှုမရှိတော့ဘူး ........

ပုခက်လွှဲတဲ့ လက်

ကလေးဘ၀ သင်ယူခြင်းအစက မိသားစုက စပါတယ်လို့ ဆိုရမှာပါ။ အရင်းနှီးဆုံးက မိခင်ရဲ့ ဆိုဆုံးမမှုပါပဲ။

အမေရိကန်က နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဟာ မိခင်ရဲ့ အဆုံးအမဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက် ပြောင်းလဲစေနိုင်သလဲ ဆိုတာကို စာရင်းကောက် စာတမ်းပြုစုကြည့်ခဲ့တယ်။ အဖက်ဘက်မှာ အောင်မြင်နေတဲ့ လူအယောက် (၅၀)နဲ့ အပြစ်ပေး ထောင်ချခံထားရသူ အယောက်(၅၀)ကို ရွေးချယ်ခဲ့တယ်။

အဲဒီလူအယောက်(၁၀၀)ကို စာပို့ပြီး ငယ်ငယ်က မိခင်ရဲ့ ဆိုဆုံးမမှုတွေကို မေးမြန်းခဲ့တယ်။ ရရှိခဲ့တဲ့ ပြန်စာတွေထဲမှာ အိမ်ဖြူတော်မှာ အမူထမ်းဆောင်နေတဲ့ လူတစ်ယောက်ရဲ့စာနဲ့ ထောင်ကျနေသူ တစ်ယောက်ရဲ့ စာက ပညာရှင်ကို တော်တော်လေး အမှတ်ရစရာ ဖြစ်စေခဲ့တယ်။ တူညီတဲ့ မေးခွန်းဖြစ်ပေမဲ့ မတူညီတဲ့ အဖြေတွေကို ရခဲ့တယ်။ ထောင်ကျနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။

ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်လိုချင်ခဲ့တယ်။ အမေက ပန်းသီးတွေကို စားပွဲပေါ်တင်ရင်း ဘယ်တစ်လုံးကို ယူကြမလဲလို့ ကျွန်တော်နဲ့ ညီလေးကို မေးပါတယ်။

ညီလေးက အကြီးဆုံးတစ်လုံးကို ယူမယ်လို့ ကျွန်တော့်ထက် ဦးအောင် ပြောလိုက်တယ်။ မေမေက ညီလေးကို မျက်စောင်းနဲ့ ကြည့်ပြီး “အကောင်းဆုံးကို တစ်ခြားသူကို ပေးရမယ်လို့ စိတ်ထဲမှတ်ထားရမယ်။ ကိုယ့်ကျိုးအတွက်ဘဲ မကြည့်နဲ့” လို့ ပြောလိုက်တယ်။ ကျွန်တော် ဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး “မေမေ ကျွန်တော့်ကို အသေးဆုံးတစ်လုံးပေးပါ။ ညီလေးကို အကြီးဆုံးတစ်လုံး ပေးလိုက်ပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကြားတော့ မေမေဟာ ၀မ်းသာပြီး ကျွန်တော့်ကို တစ်ချက်နမ်းလိုက်တယ်။ နောက် ကျွန်တော့်ကို အကြီးဆုံးပန်းသီး ကမ်းပေးပါတယ်။ နောက်ပိုင်း ကျွန်တော်လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် လိမ်ညာတတ်လာခဲ့တယ်။ ရန်ဖြစ်တတ်လာခဲ့တယ်၊ ခိုးလုတိုက်တတ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော် အခုလို ထောင်ထဲရောက်လာခဲ့တာပါပဲ။

အိမ်ဖြူတော်မှာ အမူထမ်းနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်နဲ့ ညီလေး လိုချင်ခဲ့တယ်။ မေမေက အကြီးဆုံးတစ်လုံးကို ကိုင်ပြီး “ဒီအကြီးဆုံးတစ်လုံးကို လူတိုင်းလိုချင်နေကြတယ်။ ကောင်းပြီ... မေမေပြိုင်ပွဲလေးတစ်ခု လုပ်မယ်။ အိမ်ရှေ့က မြက်ခင်းကို တစ်ယောက်တစ်ပိုင်း နှစ်ပိုင်းခွဲလိုက်မယ်။ ကိုယ့်အပိုင်းက မြက်ကို အရင်ခုတ်ပြီးတဲ့လူမှ ဒီပန်းသီးကို ရမယ်” လို့ ပြောပါတယ်။

ကျွန်တော်တို့ မြက်ရိတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံး ကျွန်တော်ဟာ အဲဒီပန်းသီးကို နိုင်ခဲ့တဲ့သူဖြစ်တယ်။ ကမေမေကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမိတယ်။ လွယ်ပြီး အရေးကြီး လေးနက်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားလည်အောင် သင်ပေးခဲ့တယ်။ လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် အမြဲတမ်း ပထမရအောင် ကြိုးစားခဲ့တယ်။ အိမ်မှာလည်း မေမေက ဒီလိုပဲ အမြဲသင်ပေးခဲ့တယ်။ တစ်ခုခုလိုချင်ရင် ပြိုင်ပွဲလုပ်ပြီး ပြိုင်စေခဲ့တယ်။

လိုချင်ရင် ကြိုးစားရမယ်။ ဒါဟာ တရားကျတဲ့ နည်းလမ်းပါ။ ကိုယ်ဘယ်လောက်ရယူချင်သလဲ ကိုယ်ရယူချင်တဲ့ အတိုင်းအတာအထိတော့ ပေးဆပ်ရမှာပါပဲ။

ပုခက်လွှဲတဲ့ လက်ဟာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ပါတယ်။ မိခင်ဟာ ကလေးတွေအတွက် ပထမဦးဆုံးသော လက်ဦးဆရာပါ။ စကားပြောသင်စအရွယ် ကလေးကို လိမ်နည်းတွေ သင်ပေးလို့ရသလို အမြဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်အောင်လည်း သင်ပေးလို့ရတယ်။

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေမေ့ကို ဒီပုံပြင်လေး ပြောပြပါ။
သင်ဟာ မိခင်တစ်ဦးဆိုရင်..........

original from http://www.youthwant.com.tw


နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Related Posts Plugin for WordPress, Blogger...