ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာတို့ ရှိစေခြင်းငှာ အလွဲတောင်းသောကြောင့် မရကြ။ ရှင်ယုဒ ၄း ၃
ဘ၀အောင်မြင်ခြင်းကို ဘုရားရှင်၏ အမြင်မှာ လောကသားအမြင်နှင့် မတူညီပါ။ ဘုရားရှင်အလိုကျ လောကအောင်မြင်မှုရဖို့ သင်မည်သို့ စွန့်လွှတ်အနစ်နာခံရမည်နည်း?
ယနေ့ မဂ္ဂဇင်းစာအုပ်များစွာတွင် ဘ၀အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖေါ်ပေးမည်ဟုသော ကြော်ငြာများစွာ တွေ့ရှိပေမည်။ အမှန်ပြောရလျှင် သူတို့သည် ဘ၀အောင်မြင်မှုလျှို့ဝှက်ချက် များကို မဖေါ်ပြနိုင်ပါ။ သင်ကိုယ်တိုင် တုံ့ပြန်မှုရှိမှသာ လျှို့ဝှက်ချက်များကို ရနိုင်ပေသည်။ သို့သော် သူတို့ပြောသော ဘ၀အောင်မြင်မှု ဆိုသည်မှာ ငွေ၊ အာဏာ၊ ရာထူး များကို ဆိုလိုကြောင်း ထင်ရှားလှပေသည်။
ယနေ့ ဘ၀အောင်မြင်မှုဆိုသည်မှာလည်း ယခင်ကနှင့် သိပ်မခြားလှပါ။ ပထမဦးစွာ ပစ္စည်းဥစ္စာ ဘယ်လောက်ကြွယ်ဝသနည်း ဆိုသည်နှင့် ဘ၀အောင်မြင်မှုကို တိုင်းတာကြသည်။ လူအသိုင်းအ၀ိုင်း၏ ကြည်ညိုလေးစား၊ မင်္ဂလာရှိမှုပါ ရရှိပါက တဆင့်ပိုမိုပြီး အောင်မြင်သည်ဟု သတ်မှတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော ပစ္စည်းဥစ္စာကြွယ်ဝမှုကို လိမ်ညာ၊ ရက်စက်၊ ညစ်ညမ်းမှုများဖြင့်လည်း ရရှိသူများ ရှိနေသောကြောင့် ဖြစ်သည်။
ယနေ့တွင် ဘ၀အောင်မြင်သူများဟု လူအများက သတ်မှတ်ထားသူများကို ကြည့်ပါက၊ သူတို့ဘ၀တွင် ကြိတ်မနိုင်ခဲမရဖြစ်နေသူများ၊ ၀မ်းနည်းကြေကွဲနေသူများ၊ မိသားစုပြဿနာကြီးများကို တွေ့နေရသည်။ အချို့မှာ လောကတွင် မနေချင်တော့၍ မိမိဘ၀ကိုပင် အဆုံး စီရင်လိုက်သူများပင် တွေ့ရပေသည်။ ထို ဘ၀အောင်မြင်သူများ ဆိုးဝါးစွာဖြစ်နေရခြင်းမှာ သူတို့ ဘ၀ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရန် ဘုရားရှင်မပါပဲ ချီတက်နေကြသောကြောင့် ဖြစ်သည်။ ဘ၀ခရီးချီတက်နေရာမှ နောက်ပြန်လှည့်ကြည့်သောအခါ ဘုရားရှင်မပါသောဘ၀သည် ပစ္စည်းဥစ္စာကြွယ်ဝသော်လည်း အဓိပ္ပါယ်မရှိ၊ အချည်းနှီးဖြစ်နေသည်ကို ကိုယ်တိုင် မြင်ရလေသည်။
ဘ၀အောင်မြင်မှုဆိုသည်မှာ ရည်မှန်းချက်ပန်းတိုင်များကို လုပ်ဆောင်ခဲ့ပြီးနောက်၊ ထိုဆောင်ရွက်မှုများ၏ ရလဒ်များကိုကြည့်ကာ ၀မ်းမြောက်နေသူပင်ဖြစ်သည်။
No comments:
Post a Comment