လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Wednesday, November 14, 2012

ကိုယ်ကိုကိုယ်လက်ဆောင်ပေးတဲ့ကဗျာ


ခုနစ်လပိုင်း တစ်ရက်
လွန်ခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ တစ်ရက်မှာ
အမေ့ရင်ထဲက ဆင်းသက်
( ကျွန်တော်ဟာ....)
ကမ္ဘာမြေကို မိတ်ဆက်တယ်။

အူဝဲ......အူဝဲနဲ့
လူထဲရောက်ပြီး ပညာသင်
အမေ့ရင်၊ အဖေ့ရင် နွေးနွေးမှာ
အေးဆေးသက်သာ ဖြတ်သန်း
လောကလမ်းဆိုတာကို လျှောက်တယ်။

ရိုးသားတဲ့မိဘနှစ်ပါးက မွေးတဲ့ကျွန်တော်
မောက်မာဖို့ မသိပေမယ့်
ထောက်ညှာဖို့တော့ ကြည့်တတ်ခဲ့
ပကတိ အဖြူရောင်နှလုံးသားနဲ့
အမုန်းများကို အဝေးမှာ ထားရင်း
ရိုင်းပင်းတဲ့ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေကြား
ခရီးသွားရင်း ကြီးပြင်းခဲ့ဖူးတယ်။

တစ်ချိန်ပေါ့.......
မေ့လျော့လို့တော့ မဖြစ်နိုင်ခဲ့တဲ့နှစ်
အလှည့်အပြောင်းတွေနဲ့ အသစ်ဖြစ်ခဲ့ရတဲ့အချိန်
ပြက္ခဒိန်ထဲမှာ ကြမ္မာမှိန်ခဲ့ရတဲ့အခါ
လောကထဲက လူတွေကို သိခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ်
ဒုက္ခဆိုတာ အတွေ့အကြုံအသစ်ပေါ့
စိတ်ဓာတ်တွေ ညစ်နွမ်းမသွားအောင်ပြင်ဆင်
လောကရင်ခွင်ထဲတိုး
လုပ်အားကို ဘယ်နှစ်ဆမှန်းမသိအောင် ပျိုးခဲ့
ဒီလိုနဲ့....
ဘ၀ရဲ့ တစ်ဆစ်ချိုး အ၀င်မှာ
တင့်တယ်တဲ့ ပညာရပ်တွေ သင်ခွင့်ရခဲ့တယ်။

နှလုံးသားက နိုးကြား
ဗီဇက ရိုးသား
ဝါသနာလည်း ထိုးကစားတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာတွေဖတ်
ထူးအိမ်သင်သီချင်းတွေ ငတ်မွတ်တောင့်တ
တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်သန်း
(ပြီးမှ....)
လောကလမ်းမှာ စမ်းတ၀ါးဝါး ဆက်လျှောက်တယ်။

ကဗျာရေး စာရေး
ခံစားချက်တွေ မွေးဖို့ဖြစ်လာရင်
ရံဖန်ရံခါ သီချင်းတွေလည်းရေး
(ဒါပေမဲ့.....)
အောင်မြင်တဲ့ ကဗျာဆရာ၊ စာရေးဆရာ
အဲဒီလိုလည်း ဖြစ်မလာခဲ့
ကိုငှက်နဲ့ မွေးနေ့သာတူပြီး
သူ့လိုလည်း တစ်ခါမျှမဖြစ်
သီချင်းတွေကလည်း သူ့ဘာသာနေ
ကဗျာတွေ စာတွေကလည်း သူ့ဘာသာနေ
( ဒီလိုနဲ့....)
အဲဒါတွေက သူ့ဘာသာနေပေမယ့်
ကိုယ့်ဘာသာနေမရတော့ ဆက်သာရေး
လောကထဲက လူတွေကို ပေးဆပ်မယ်လို့ ခပ်ကြီးကြီးတွေးခဲ့ရင်း
နှလုံးသားနဲ့ ရေးခဲ့တာတွေကလည်း တင်းကြမ်းပေါ့။

အလုပ်၊ ငွေ၊ မိဘ၊ ညီအစ်ကို
အပိုအလိုမရှိ ချိန်သားကိုက် ရထားတဲ့ဘ၀မှာ
လက်တွဲဖော်ကို ရှာတွေ့
မေတ္တာနဲ့မွေ့တဲ့အခါ
ကဗျာတွေ ရင်မှာသစ်
အချစ်တွေ ဖြန့်ကျဲ
လောကထဲ ရဲရဲလျှောက်
နှစ်ယောက်တစ်ဘ၀ကို ထူခဲ့တယ်။

နောက်တော့....
ရေခြား၊ မြေခြား၊ အားလုံးခြားမှာနေ
ဘ၀ဆိုတာ ဒီလိုပါလား သုံးသပ်
ဘယ်လိုမှ ရပ်တန့်လို့မရ
ဇရာနဲ့ သင်္ခါရကလည်း
ခဏခဏ ပညာပြလာပြီ။

' ငါသည်မုချ သေရမည် ' ဆိုတဲ့
မိုးကုတ်ဆရာတော် ဘုရားကြီး စကား
အသည်းကြား ဦးနှောက်ကြား ဘယ်တော့မှမမေ့
( ဒါပေမဲ့...)
' အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါမည် ' ဆိုတဲ့
ဆရာတော် ဘုရားကြီးစကားကိုကျတော့
အရူးသိုင်းနင်း မေ့ချင်ယောင်ဆောင်ထား
လူတွေကြားမှာ ခပ်တည်တည်နဲ့
လူပီသစွာ လမ်းသလားတယ်။

ဆံပင် ဖြူလာပြီ
သွေးတိုးလာပြီ
ဇာတိစတော့ ဇရာပြပြီ
မရဏကိုလည်း ကြိုမသိနိုင်ပြီ
အဲဒီလို တွေးတာတောင် မဆင်ခြင်နိုင်ခဲ့
တစ်ရက် တစ်ရက်နဲ့ ပြင်ဆင်မှုမရှိ
အမှားတွေကလည်း ပြည့်နေသေး
ရင့်ကျက်ခြင်းတွေကလည်း ဝေ့-ဝေ-ဝေး နေတုန်း
( ဘာပဲဖြစ်ဖြစ် ) ဆင်ခြင်တုံတရား နည်းနည်းနဲ့ပဲ
ကိုယ့်ဘ၀ကိုယ် တွေ့-တွေ-တွေး နေတုန်းပါ။

ဇနီးသည်နဲ့ ခိုင်မာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်
အမိအဘကို တတ်နိုင်သလောက် ကျေးဇူးဆပ်
ညီအစ်ကိုတစ်တွေအတွက် မျှဝေရပ်ခဲ့
ပြီးရင်တော့ အနာဂတ်မှာ
အမျိုး ဘာသာ သာသနာအတွက် သိတတ်တဲ့ ယောကျာ်းမြတ် ဖြစ်ချင်ခဲ့
( ဒီလိုနဲ့....)
သေဖို့တစ်ရက်နီး
မွေးနေ့ဆိုတဲ့ သတိပေးခေါင်းလောင်းသံကြီးကြားမှာ
( ကျွန်တော်ဟာ......)
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေခဲ့တာ....
ဪ- နှစ်ပေါင်းများစွာတောင် ကြာခဲ့ပါပေါ့လား။ ။

အဖြူရောင်လမ်းကလေးဆီမှကူးယူသည်။ ..................................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...