ကျနော်လွှင့်ပစ်လိုက်တဲ့
ပန်းတပွင့်မှာ... မူးယစ်ရီဝေ ညနေခင်း တချို့တ၀က်နဲ့... အစိတ်စိတ်အမွှာမွှာ...
အဆုတ်အဖြဲ ခံထားရရှာတဲ့ လက်ထပ်စာချုပ်တရွက် ပါသွားတယ်... ။
အိပ်ကပ်ကြားထဲကနေ အမှုမဲ့အမှတ်မဲ့ နှိုက်ထုတ်လိုက်မိတော့ မြွေတကောင်
တိတ်တဆိတ် ထွက်ကျလာတယ်... ။ အဆိပ် ရှိမရှိ ဆိုတာတော့ မသိပါဘူး... ။
လျှာကတော့ နှစ်ခွနဲ့ပဲလေ... ။ မေမေ့ကို - မေမေ -လို့ မခေါ်ရတဲ့နေ့တွေကို
အကြွေစေ့တွေလို... ရေတွက်နေမိတာဆိုရင်... တစုံတရာကတော့... ကျိမ်းသေနေပြီ...
။ တိုင်ကပ်နာရီ တလုံးတလေကိုတောင်မှ... ဟန်ဆောင်ပန်ဆောင်... ကျနော့်
ဧည့်ခန်းမှာ ချိတ်မထားဘူး... ။ အဲဒါပဲ အလွန်တရာ သေချာတယ်... ။ အပြာရောင်
ပြတင်းတံခါးကို ကျနော်ဆွဲဖွင့်တော့... လွင့်စင်မှုတွေ... ကျနော့်အပေါ်
ပြုတ်ကျလာခဲ့တာ... ရေတံခွန်တခုလိုပဲ... ။ ကျနော်ကတော့ သိပ် မမှုတော့ပါဘူး
မေမေ... ။ မထူးဇာတ်တွေ ဆိုတာ... အရူးဇာတ်တွေနဲ့ အတူတူပဲ... မဟုတ်လား... ။
စိုးရိမ်ခြင်းအားဖြင့်... အသက်တာကို... တတောင်ခန့်မျှ...
ရှည်စေနိုင်သလော-လို့ ... သမ္မာကျမ်းစာမှာ... လာတယ်... ။
မသမ္မာကျမ်းစာ-မှာတော့... ဘယ်လိုလာမလဲလို့... ကျနော်ကလည်း...
တွေးနေမိပါသေးတယ်... ရှာရှာ ပေါက်ပေါက်... ။ ကျနော့် အသက် ဘယ်လောက်
ရှိရှိ... မေမေ့အတွက်တော့... ကျနော်က ကလေးတယောက် .... မဟုတ်လားလေ... ။ မေမေ
ကျနော့်ကို... ခွင့်လွှတ်လောက်ပါတယ်... ။ ခုတလောမှာ... တနေရာရာကိုတော့...
ကျနော်ရောက်ရောက်နေတတ်တယ်... ။ ဘူတာတခုလား... ကားမှတ်တိုင်လား...
ဆိပ်ကမ်းတခုလား... ဇရပ်တခုလား... တရားစခန်းလား... အကျဉ်းခန်းလား...။
ကျနော့် မြေပုံတွေကပဲ... မှားနေလေပြီလား...။ ဒါမှမဟုတ်... မြေပုံတွေအပေါ်...
ရေးဆွဲခံထားကြရတဲ့ သင်္ကေတတွေကပဲ... ယုတ်မာနေကြတာလား... ။ အဲသည့်
သင်္ကေတတွေကို ရေးဆွဲခဲ့ကြသူတွေကပဲ... ယုတ်မာနေကြတာလား... ။ ဘာမှ
မကွဲပြားနေတဲ့ အခိုက်မှာပဲ... သံလိုက်အိမ်မြှောင်အကွဲကြီးပိုက်လို့...
ရတနာသိုက် အရှာထွက်ခဲ့သူဟာ... ကျနော်ပေလား... ။ ဘာပဲဖြစ်ဖြစ်ပါ...
ဆောင်းခိုငှက်များ တရွေ့ရွေ့ ပျံသန်းသွားနေကြတဲ့ ကောင်းကင်မှာ...
ကျနော့်ရင်ဘတ်ကို... ချိတ်ထားလိုက်မယ်... ။ နွေရာသီရဲ့... ကြွေရွက်
အမှိုက်အစတွေကို... ဖိသိပ်ထည့်ထားလိုက်မယ့် စက္ကူပုံးတပုံး... အခု ကျနော်
လိုတယ်... ။ ပြီးရင်... မိုင်းဗုံးတလုံးလို... အဲသည့်
အထီးကျန်ခြင်းသစ်ပင်ကို... အစိပ်စိပ်အမွှာမွှာဖြစ်အောင်... ခွဲပစ်မယ်... ။
ကျနော့် ရင်ဘတ်ထဲမှာ ညှပ်နေတဲ့... နာကျင်မှုအမျိုးမျိုးအတွက်...
သွားကြားထိုးတံတချောင်းလည်း ကျနော် လိုတယ်... မေမေ ။ အဲသည်
သွားကြားထိုးတံလေးကိုလေ ချစ်သူ-လို့ အမည်ပေးရရင် ကောင်းမလား... ။
ကောင်းကင်ကို... မော့ကြည့်မိတော့... မြေကြီးကို ဇောက်ထိုး
ကြည့်နေမိသလိုပဲ... မေမေ... ။ ခေါင်းမော့နေတာလား... ခေါင်းငုံ့နေတာလား...
မကွဲပြားဘူး... ။ ကျနော့် ဒွိဟများကို ခွဲခြားဖို့... ဖုန်းနံပါတ်
တခုတလေများ ရနိုင်မလား... ။ ရုပ်ရှင်တကား ပြီးဆုံးသွားသလိုမျိုး...
ကိုယ်ထိုင်ခဲ့တဲ့ ခုံကနေ... ဖုံဖက်ခါထပြီး... ဘ၀ဆိုတာကြီးထဲက ကျနော်
ပြန်ထွက်လာနိုင်သလား... ။ ကျနော့်နေ့များကို.. ကျနော်
မမွေးဖွားခဲ့ပါပဲလျက်ကို... ဘာလို့ သူတို့ အို-နာ-သေဆုံးကြရပါသလဲ...
မေမေ... ။
No comments:
Post a Comment