Sunday, September 30, 2012
“လယ်သမားနှင့် သမားတော်” (မင်းသုဝဏ်)
လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
ရွာက တက်ကာ၊ မြို့သို့လာသည်
လဟာပြင်က လယ်ဦးကြီး။
...
ထွန်မည် ယက်မည်၊ စိုက်ပျိုးမည်နှင့်
ရိတ်မည် နယ်မည်၊ လှေ့သိမ်းမည်ဟု
တိုင်းပြည်အကျိုး၊ သူမျှော်ကိုး၍
အားကြိုးမာန်တက်၊ သူနှုတ်သွက်သည်
သူ့အသက်နှင့် မမျှတည်း။
သို့ပါသော်လည်း
မြို့ပေါ်လူမှု၊ မြို့ဥတုကို
ဂရုမထား၊ နေ့ညမှားလျက်
စိတ်သွားကိုယ်ပါ၊ ဆောင်ရွက်ရာတွင်
ဖျားနာ ဝင်ခဲ့ပါလေသည်။
တစ်သက်လုံးမှာ၊ သည်တစ်ခါလျှင်
ဖျားနာဝင်ဖူး၊ ဘယ်ညာလူး၍
မမြူးမရွှင်၊ အိပ်ဆောင်ခွင်၌
ကောက်ပင်လဲ့ဝင်း၊ ရွှေအဆင်းကို
စိတိတွင်းမြင်ယောင်၊ လွမ်းမိုးမှောင်စဉ်
သည်တောင် ကျော်နိုင်ပါမည်လား။
သတင်းရသော်၊ သမားတော်သည်
အခေါ်မစောင့် ကြာမနှောင့်ဘဲ
ဖြောင့်ဖြောင့်ရောက်လာ၊ စစ်ဆေးကာလျှင်
မေးကာ မြန်းကာ၊ အားပေးကာဖြင့်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးက
ကျေးဇူးတင်သည့် သူ့အပြုံး။
နောက်နေ့နံနက်၊ အရုဏ်တက်၌
ကိုယ်လက်ပေါ့ပါး၊ လယ်သမားသည်
စိတ်သွားကိုယ်ပါ၊ ကျန်းမာလာ၍
လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
မမျှအသက်၊ အားမာန်တက်လျက်
ထွန်ယက်စိုက်မည်၊ နယ်လှေ့မည်နှင့်
တိုင်းပြည်တွက်တာ၊ စဉ်းစားရာတွင်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးသည့်
စိတ်အေးရွှင်ပျော်၊ သမားတော်ကို
ရည်မျှော်စိတ်တွင်၊ ကျေးဇူးတင်သည်
မိခင်အသစ် ရသည်သို့။ ။
မင်းသုဝဏ်
ပန်းချီ hla phone aung
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment